နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

        (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင်-                

  • တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်ပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့်အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း။
  • ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်‌ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သော ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေးသည်အရေးကြီးကြောင်း။
  • နိုင်ငံတော်က တက္ကသိုလ်များအတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းများကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးခဲ့သည့်အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း။
  • (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို ပညာ‌ရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီလ (၂၅)ရက်မှ (၂၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း။
  • ယခုညီလာခံတွင် ဂုဏ်ယူဖွယ်ရာအချက်တစ်ချက်အဖြစ် နိုင်ငံတစ်ဝန်းက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ စစ်တက္ကသိုလ်အပါအဝင် အခြားဝန်ကြီးဌာန(၆)ခုတို့မှ ပညာရေးဝန်ကြီးဌာန၌ ပါရဂူကျမ်းလာရောက်ပြုစုနေသူ သုတေသီများက သုတေသနစာတမ်းပေါင်း (၃၁၄) စောင်ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ကြောင်း။        
  • (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကြီးတွင် စာတမ်းများ ဖတ်ကြားတင်သွင်းကြမည့် သုတေသီများနှင့် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြုအသုံးချသုတေသနများကို ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ပေးရန်နှင့် မိမိတို့တတ်ကျွမ်းထားသည့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည် ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ပြီး အကျိုးပြုပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။  

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ တက္ကသိုလ်များ၏ အချက်အလက်များနှင့် သုတေသနဆောင်ရွက်မှုတင်ပြခြင်းများအား ပြသထားသည့် တက္ကသိုလ်အသီးသီးမှ သုတေသနပိုစတာများနှင့် သုတေသနပြကွက်များကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁-၂၀၂၄)

 

  • နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့်အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိ။
  • ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သော ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေးသည်အရေးကြီး။

Add new comment