တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

        တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ဖျက်သိမ်းခံနေရဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး ဈေးဟောင်းလမ်းဘေးတွင် ကျူးကျော်အဆောက်အဦများ ဆောက်လုပ်၍ ဈေးရောင်းချမှုများ ဆက်လက် လုပ်ဆောင်နေသောကြောင့် မူလလမ်းအကျယ် ပေ ၁၀၀ လမ်းမကြီးမှာ လမ်းအကျယ်ပေ ၃၀ ခန့်သာ ကျန်ရှိကြောင်း၊ ကျူးကျော်ဈေးကြောင့် မြို့သန့်ရှင်းသာယာလှပမှု၊ ကျန်းမာရေးနှင့် ညီညွတ်မျှတမှုများ ထိခိုက်လျက်ရှိပြီး ယာဉ်များသွားလာမှု ပိတ်ဆို့နေခြင်းများကြောင့် တာဝန်ရှိသူများက မူလလမ်းအကျယ် အတိုင်း ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Karen Information Center မှ တင်ထားသော တပ်မတော်မှ ကော့ကရိတ်မြို့ရှိ စစ်ရှောင်အိမ် ၅၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများနှင့် KKO သောင်းကျန်းသူများက ကော့ကရိတ် မြို့၊ ရပ်ကွက် (၅) ရှိ နေအိမ်များအား မီးရှို့ ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်း သာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁-၂၀၂၄)

 

  • ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ဖျက်သိမ်းခံနေရဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
  • တပ်မတော်မှ ကော့ကရိတ်မြို့ရှိ စစ်ရှောင်အိမ် ၅၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက် သမားများနှင့် KKO သောင်းကျန်းသူများက ကော့ကရိတ်မြို့၊ ရပ်ကွက် () ရှိ နေအိမ်များအား မီးရှို့ခဲ့ခြင်းသာဖြစ်။

Add new comment