တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ဇူလိုင်လ ၂၇ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင်-
-
ဖမ်းဆီးရမိအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲ (၇,၀၁၁)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၁၂၇.၀၅၄) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်ပါက များစွာတိုးတက် ဖမ်းဆီးနိုင်ခဲ့သော်လည်း တရားမဝင်ကုန်သွယ် မှုများသည် လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင် ဆောင်ရွက် လျက်ရှိကြောင်း။
-
မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂.၉၃၂ ဘီလီယံဖြစ်ပြီး မိမိတို့၏စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၂၉၃ ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ ၁.၆၃၉ ဘီလီယံကွာခြားနေသည့်အတွက် ၎င်းသည် တစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုများဖြစ်သည်ဟု သုံးသပ်ရကြောင်း။
-
နိုင်ငံ၏ ပထဝီအနေအထားအရ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင် ရှိသည့် တရားမဝင် ဝင်ထွက်ပေါက်များ၊ မှောင်ခိုရှောင်ကွင်းလမ်းများအပြင် တာဝန်ကျ နိုင်ငံ့ဝန်ထမ်းအချို့၏ အားနည်းချက်များကြောင့် တရားမဝင်ကုန်ပစ္စည်းများ နိုင်ငံ အတွင်းပိုင်းအထိ ဖမ်းဆီးဖော်ထုတ်သည့်ကြားမှ ဝင်လာဆဲဖြစ်၍ အဆိုပါတရား မဝင်ကုန်ပစ္စည်းများ သိမ်းဆည်းနိုင်မည့် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေး အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း။
-
နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုများ ရှိနေဆဲပင် ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် နိုင်ငံ၏သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
-
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက်တွင် ဖွင့်လှစ်ထားသည့် ကုန်သွယ် ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ် ယူမှုများမရှိစေရေး၊ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများမဖြစ်စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လာဘ်ပေးလာဘ်ယူမှုများကို စိစစ်ဖော်ထုတ် တွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကို ထိထိရောက်ရောက်အရေးယူရန် မှာကြား လိုကြောင်း။
-
တာဝန်ယူရသည့် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူ မှုများမရှိအောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် အလေးထားမှာကြားလို ကြောင်း။
-
၂၀၂၃ ခုနှစ်၊ ဇွန်လ၏ ဖမ်းဆီးရမိမှုကို သုံးသပ်ရလျှင် ယခင်လထက် ဖမ်းဆီးရမိ မှုများသော်လည်း ကုန်ပစ္စည်းအုပ်စုအလိုက် သုံးသပ်ချက်အရ ဖမ်းဆီးရမိမှု လချုပ်ခန့်မှန်းတန်ဖိုးကျပ် ၁၁.၈၁၆ ဘီလီယံသည် မော်တော်ယာဉ်အုပ်စုက ကျပ် ၇.၈၂၂ ဘီလီယံဖြစ်ပြီး ယခင်လထက် ကျပ် ၄.၂၅၄ ဘီလီယံ ပိုလာသော်လည်း ကျန်အုပ်စုများဖြစ်သည့် လယ်ယာထွက်ကုန်၊ သစ်မျိုးစုံ၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် တိရစ္ဆာန်အရှင်များမှာ ဖမ်းဆီးရမိမှု လျော့နည်း ကျဆင်းလာသည်ကို တွေ့ရကြောင်း။
-
ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို စောင့်ကြည့် စစ်ဆေးသည့် E-Lock စနစ် အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင် ရွက်ကြရန် တွန်းအားပေးပြောကြားလိုကြောင်း။
-
ကုန်ပစ္စည်းများစစ်ဆေးရာတွင် Manual စစ်ဆေးခြင်းထက် ICT နည်းပညာ အသုံးပြုသည့်နည်းလမ်း၊ X-ray စက်များနှင့် ရှာဖွေစစ်ဆေးနိုင်လျှင် အချိန်ကုန် သက်သာပြီး တွေ့ရှိဖမ်းဆီးမှု ပိုတက်လာနိုင်သလို ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးကိုလည်း အထောက်အကူပြုမည်ဖြစ်သည့်အတွက် အကောက်ခွန်ဦးစီးဌာန အနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှာ အသုံးပြုနေသည့် ရှာဖွေတားဆီး စစ်ဆေးခြင်းစနစ်များကိုလည်း လေ့လာပြီး စီမံဆောင်ရွက်ထားသင့်ကြောင်း။
-
အချို့ခေတ်မီသည့် နိုင်ငံများတွင် နည်းစနစ်များ၏ ကောင်းမွန်မှုများကြောင့် ဝန်ထမ်းအင်အားအနည်းငယ်ကိုသာအသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
-
တရားမဝင်ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီးစစ်ဆေးမှုအပြင် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေး အရေးယူနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
-
ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များနှင့် အချိန်ကြန့်ကြာမှုများမရှိစေရေး အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
-
ဝန်ထမ်းအင်အား အသုံးပြုလုပ်ငန်းဆောင်ရွက်ရသည့် နေရာတွင် ခေတ်မီနည်း စနစ်နှင့် အစားထိုးနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အထူးအဖွဲ့များနှင့် One Stop Service ဌာနဆိုင်ရာများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားခဲ့။
အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဦးဆောင် ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီအစည်းအဝေး (၄/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြခဲ့ ပါသည်။ ထို့နောက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၈-၇-၂၀၂၃)
-
နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုများ ရှိနေဆဲပင် ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် နိုင်ငံ၏သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် လိုအပ်။
-
ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို စောင့်ကြည့် စစ်ဆေးသည့် E-Lock စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်။
-
တရားမဝင်ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီးစစ်ဆေးမှုအပြင် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ် ဆေးအရေးယူရန်။
-
ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များနှင့် အချိန်ကြန့်ကြာမှုများမရှိစေရေး အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်။
Add new comment