ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်

      ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အိမ်ရှင်ယူဂန်ဒါသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့ပါသည်။

ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးတို့က-

  • မြန်မာနိုင်ငံအနေဖြင့်လည်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏မူဝါဒများကို အပြည့်အဝ လိုက်နာလျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အားလုံး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြားသော ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • သီးခြားဆွေးနွေးပွဲအဖြစ် ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများ အပြင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးတို့က-

  • ယခုထိပ်သီး အစည်းအဝေး၏ ခေါင်းစဉ်ဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝမှုများ မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး”သည် ယနေ့ကမ္ဘာ၏ လက်ရှိအခြေအနေများအပေါ် ထင်ဟပ်မှုရှိသဖြင့် အထူးသင့်လျော်ကြောင်း။
  • မိမိတို့ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ရှုပ်ထွေးနက်နဲခက်ခဲမှုများ အားလုံးကို ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှု၊ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ကြောင်း။
  • ကမ္ဘာ့နိုင်ငံကြီးများအကြားယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့် ကမ္ဘာကြီး၏စိုးရိမ်ဖွယ်ရာ ပြဿနာများကို  လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း။
  • မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် များပြားလှသည့် ကမ္ဘာ့ရေးရာများနှင့် စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကသက်ဆိုင်သည့် အခန်းကဏ္ဍမှ ဆက်လက် ရပ်တည်နိုင်စေရေး မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 

သီးခြားဆွေးနွေးပွဲအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်  Minister  of State Mr. Khalifa Shaheen Almarar ၊ ဘင်္ဂလားဒေ့ရှ်  နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့်  ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တို့နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁-၂၀၂၄)

 

  • ဒုတိယဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ မြန်မာ-ကာတာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးတို့အား ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူနှင့် ဆွေးနွေးခဲ့။
  • နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဘင်္ဂလားဒေ့ရှ်  နိုင်ငံခြားရေးဝန်ကြီးနှင့်  ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တို့နှင့်ဆွေးနွေးခဲ့။

 

Add new comment