မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန်ငွေစက္ကူ အမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ကြောင်း ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် ရည်ရွယ်ပြုလုပ်သော သတင်းမီဒီယာ ရှင်းလင်းပွဲကို ဇူလိုင်လ ၂၅ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ပြုလုပ်ခဲ့ပါသည်။
သတင်းမီဒီယာရှင်းလင်းပွဲ၌ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား ရာတွင်-
- နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမှတ်တရအနေနှင့် အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ ယခုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်မှု အခြေအနေများ၊
- နှစ်သောင်းကျပ်တန် ငွေစက္ကူများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် ဇူလိုင်လ ၃၁ ရက်မှစတင်၍ ရုံးဖွင့်ရက်များတွင် လဲလှယ်နိုင်မှုနှင့် ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ် လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ အမှတ်တရ သိမ်းဆည်းထားနိုင်ရန် အများဆုံး ၃ ရွက်ခန့်သာ ထည့်သွင်းလဲလှယ်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းဖြေကြားခဲ့။
ဆက်လက်၍ သတင်းမီဒီယာများက အခြားသောနိုင်ငံများ၌ အထိမ်းအမှတ် အဖြစ် ငွေကြေးထုတ်ဝေခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ကျပ်နှစ်သောင်းတန် ငွေ စက္ကူထုတ်ဝေခြင်းကိုအကြောင်းပြု၍ ကုန်စည်ဈေးနှုန်းကစားကာ မဟုတ်မမှန်သော နည်းလမ်းဖြင့် အကျိုးအမြတ်ရယူခြင်းများ (Speculation and Manipulation) ဆောင် ရွက်မှုကို အရေးယူဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ အများပြည်သူမှ ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်ရာတွင် လိုအပ်သည့် အထောက်အထားများနှင့် သတ်မှတ်ချက်များနှင့်ပတ်သက်၍လည်းကောင်း မေးမြန်း ကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြကြောင်းနှင့် မေးမြန်းဖြေကြားမှု အပြည့်အစုံ ကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၃)
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ကြောင်း ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် ရည်ရွယ်ပြုလုပ်သော သတင်းမီဒီယာရှင်းလင်းပွဲကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ပြုလုပ်ခဲ့။
- သတင်းမီဒီယာရှင်းလင်းပွဲ၌ နှစ်သောင်းကျပ်တန် ငွေစက္ကူများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် ဇူလိုင်လ ၃၁ ရက်မှစတင်၍ ရုံးဖွင့်ရက်များတွင် လဲလှယ်နိုင်မှုနှင့် ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ အမှတ်တရ သိမ်းဆည်းထားနိုင်ရန် အများဆုံး ၃ ရွက်ခန့်သာ ထည့်သွင်းလဲလှယ် ပေးသွားမည့်အခြေအနေများအား ရှင်းလင်းဖြေကြားခဲ့။
Add new comment