မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် လုပ်ငန်းသစ် ၁၀ ခုခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်တွင် နေပြည်တော်ရုံးအမှတ် (၁၈) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့မှ ရင်းနှီးမြှုပ်မှုလုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၁၅၈ သန်းနှင့် ကျပ် ၂၅၄,၉၅၁ ဒသမ ၄၄၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အရေး ပေါင်း ၇,၆၄၀ ခုကို ‌ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ယခုအစည်းအဝေးတွင် ခွင့်ပြုခဲ့သော လုပ်ငန်းများ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းလုပ်ငန်းများလည်း ပါဝင်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၂ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် ၂၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၃)

 

  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့မှ ရင်းနှီးမြှုပ်မှုလုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့။

  • အဆိုပါလုပ်ငန်းသစ်များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၁၅၈ သန်းနှင့် ကျပ် ၂၅၄,၉၅၁ ဒသမ ၄၄၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အရေးပေါင်း ,၆၄၀ ခုကို ဖန်တီးပေးနိုင်။

 

Add new comment