ငွေကျပ်နှစ်သောင်းတန်အသစ်ရိုက်နှိပ်ထုတ်ဝေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

မြန်မာငွေကျပ်နှစ်သောင်းတန်အသစ် ရိုက်နှိပ်ထုတ်ဝေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင် ကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

မေး။  ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့မှမနေ့တုန်းက မြန်မာငွေကျပ်နှစ်သောင်း တန်အသစ် ရိုက်နှိပ်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး မေးမြန်းလိုပါတယ်ခင်ဗျာ။ အခုလို ငွေကျပ်နှစ်သောင်းတန်ရိုက်နှိပ်ထုတ်ဝေလိုက်တဲ့အတွက် လတ်တလောမှာ နိုင်ငံခြား ငွေဈေး၊ ရွှေဈေးတွေအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လျက်ရှိပါတယ်ခင်ဗျာ။ ဒီလို ဖြစ်ပေါ်တဲ့အခြေအနေနဲ့ပတ် သက်ပြီး အစိုးရအနေနဲ့ပြည်သူလူထုကို ဘာများ အသိပေး ပြောကြားလိုပါသလဲခင်ဗျာ။

ဖြေ။   ဒီကိစ္စနှင့်ပတ်သက်ပြီး မနေ့ကကော ဒီနေ့ကော ဖြစ်ပေါ်လာတဲ့အကြောင်း အရင်းတွေကို လိုက်လံစုံစမ်းကြည့်တယ်။ ပထမဦးဆုံးက ကောလာဟလပေါ့။ ကောလာဟလနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ဟာတွေကို ပထမဦးဆုံးပြောချင်တယ်။ မနေ့က မနက် ၈ နာရီမှာ ငွေကျပ်နှစ်သောင်းတန် အသစ်ထုတ်ဝေတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ကြေညာချက်ထွက်ခဲ့တယ်။ အဲလိုဖြစ်ပြီး နေ့လယ်ပိုင်းလောက်မှာ တချို့သောအရာတွေကနေပြီးတော့ ကောလာဟလနှစ်ခုထွက်လာတယ်။ နံပါတ်တစ် ကောလာဟလက နှစ်သောင်းတန်တွေ အသစ်ထွက်ပြီပေါ့ဗျာ။ နောက်ထပ် လည်းထွက်လာနိုင်သေးတယ်။ နောက်ထပ်လည်း ဒါ့ထက်တန်ဖိုးမြင့်တဲ့ဟာတွေ ထွက် လာနိုင်သေးတယ်။ မြန်မာငွေကြေးတန်ဖိုးကျမယ်။ ငွေကြေးဖောင်းပွလာနိုင်တယ်ဆိုပြီး ထွက်လာတယ်။ နောက်တစ်ခုကတော့ မရှေးမနှောင်းလောက်မှာ အဲ့ဒီနေ့ခင်းပိုင်းမှာ ထပ်ပြီးထွက်လာတာက ငွေစက္ကူအသစ်တွေထွက်လာတဲ့အတွက် ယခင်တုန်းက သုံး နေတဲ့အဟောင်းတွေ ဖျက်သိမ်းခံရနိုင်တယ်ဆိုပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ကောလာ ဟလတွေထွက်လာတယ်။ အဲလိုထွက်လာပြီးနောက်ပိုင်းမှာ အဲဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ ဒေါ်လာဈေးလည်း တက်ရိပ်ပြလာတယ်။ ရွှေဈေးလည်းတက်ရိပ်ပြလာတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့် လက်တွေ့အရောင်းအဝယ် ဖြစ်တာမဖြစ်တာထက် ဒေါ်လာဈေးတက်ရိပ်ပြလာတယ်။ ရွှေဈေးတက်ရိပ်ပြလာတယ်။ အဲဒီလိုမျိုးဖြစ်ပြီး တော့ ဒီနေ့မနက်မှာ ဗဟိုဘဏ်ကနေပြီးတော့ အများပြည်သူသိစေရန်ဆိုပြီး ထုတ်ပြန် ချက်တစ်ခုထပ်ပြီးတော့ အမေးအဖြေကဏ္ဍလေးတစ်ခု ထုတ်ပြန်ခဲ့တာရှိတယ်။ အဲဒီ အထဲမှာအချက်အလက် ပြည့်ပြည့်စုံစုံပါပါတယ်။ နံနက် ၉ နာရီလောက်မှာ ဗဟို ဘဏ်က ထုတ်ပြန်ပြီး နံနက် ၁၀ ခွဲ ၁၁ နာရီလောက်မှာ နောက်ထပ်ကောလာဟလ တက်လာတယ်။ အဲဒါကတော့ ဗဟိုဘဏ်ရဲ့အမေးအဖြေထဲက လိုတာပဲဖြတ်ယူခဲ့တာ။ ဒီကျပ်ငွေနှစ်သောင်းတန် ငွေစက္ကူက တစ်ယောက်ကို သုံးရွက်ရမယ်ဆိုတာမျိုးပေါ့ လေ။ မြန်မာနိုင်ငံ လူဦးရေနဲ့တွက်ရင်တောင်မှ ပိုက်ဆံအများကြီး ရိုက်နှိပ်ထုတ်ဝေပြီး ပြီဆိုတဲ့ဟာမျိုး၊ ပြီးရင်တစ်ချိန်တည်းတစ်ပြိုင်တည်းမှာဘဲ မီဒီယာတချို့သော ပြည်ပြေး မီဒီယာတွေကဖော်ပြလာတယ်။ မြန်မာ့စီးပွားရေးလေ့လာသူတစ်ဦးဆိုပြီး ထုံးစံအတိုင်း သူတို့ရဲ့လုပ်ကြံဇာတ်လမ်းတွေပေါ့ဗျာ။ မြန်မာ့ငွေရေးကြေးရေး စောင့်ကြည့်သူတစ်ဦး ဆိုပြီး ဒါတွေနဲ့ အစိုးရအနေနဲ့ စက္ကူအသစ်တွေရိုက်နှိပ်ထုတ်ဝေရပြီ။ စီးပွားရေးအရ အခြေအနေမကောင်းဘူးဆိုပြီး ဒါတွေထွက်လာတယ်။ ထွက်လာပြီးနောက်ပိုင်းမှာ ဒေါ်လာဈေးနဲ့ ရွှေဈေးတက်သွားတယ်။ နောက်ပိုင်းမှာ အခြားကုန်းဈေးနှုန်းတွေပါ ဆွဲတင်ခြင်းခံလိုက်ရတယ်။ အဲလိုဖြစ်ပေါ်လာအောင် ထိုးနှက်တိုက်ခိုက်ရတဲ့အဓိက အကြောင်းကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗဟိုဘဏ်က ကြေညာချက် ထုတ်တယ်။ အဲဒီကြေညာချက်က ဘာလဲဆိုတော့ ယခင်တုန်းက ပို့ကုန်သွင်းကုန်တွေ ပေါ့လေ။ ပို့ကုန်ကရရှိတဲ့ ပို့ကုန်ရငွေပမာဏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့ ထွက်ထားတာရှိတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌအနေနဲ့ MSME လုပ်ငန်းရှင် တွေနဲ့တွေ့ဆုံတဲ့အခါမှာဘဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာဘဲဖြစ်ဖြစ် အချိုး ၆၅ ရာခိုင်နှုန်းပေါ့။ မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ ဆိုတာကို သင့်လျော်တဲ့အချိန်မှာ ပြင်ပေးဖို့၊ လျှော့ချဖို့ဆိုတာကို အမြဲတန်းပြောနေတာ ရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကော စက်မှုလုပ်ငန်းရှင်တွေကောပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျွန်တော်တို့က ပို့ကုန်တင်ပို့သူများအနေနဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့လဲလှယ်မယ့်အစား ၅၀ ရာခိုင်နှုန်းသာ လဲလှယ်ရန်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်လိုက်တယ်။ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အားလုံးလည်းသတိပြုမိလိမ့်မယ်။ ကုန်သွယ်မှုအရှိန် ပိုပြီးကောင်းလာတယ်။ ဒါ့အပြင် ဈေးကွက်အတွင်းမှာ နိုင်ငံခြားငွေရရှိမှု ပိုကောင်းလာတယ်။ ဒေါ်လာဈေးအနေနဲ့ ပိုပြီး တည်ငြိမ်သွားတယ်။ ဒါတွေဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒီအချိန်မှာ ငွေစက္ကူနှစ်သောင်း တန်အသစ် ထုတ်ဝေတဲ့အခါမှာ ဒီဟာကို မတည်ငြိမ်အောင် ကောလာဟလအနေနဲ့ ထပ်ဆင့်ထုတ်လွှင့်ပြီး လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အရေးကြီး တာက ပြည်သူလူထုကို အသိပေးချင်တာ၊ အာမခံချက်ပေးချင်တာဘဲဖြစ်ပါတယ်။ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဒီနေ့မနက် ၉ နာရီလောက်မှာ ဗဟိုဘဏ်ကအမေးအဖြေနဲ့ ထုတ်ပြန်ချက်က ပြည့်စုံပါတယ်။

ဒါပေမယ့် နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါတဲ့အတွက် ပြည်သူလူထု အနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အသိပေးလိုတာရှိပါတယ်။ နံပတ်(၁)အချက် အနေနဲ့သိထားရမှာက ဒီငွေစက္ကူအသစ် ကျပ်နှစ်သောင်းတန်က အလုံးအရင်းနဲ့ထုတ်တဲ့ ပိုက်ဆံမဟုတ်ဘူး။ အထိမ်းအမှတ်အနေနဲ့ထုတ်လိုက်တဲ့ ငွေစက္ကူဘဲဖြစ်တယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ်အနေနဲ့ထုတ်တဲ့ ငွေစက္ကူ တွေရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာတော့ ငွေစက္ကူကို အထိမ်းအမှတ်အနေနဲ့ထုတ်လုပ်ခဲ့တာမရှိခဲ့ပါဘူး။ ဒါပေမယ့် (၇၅)နှစ်ပြည့်စိန်ရတု လွတ်လပ်ရေးနေ့တုန်းကတော့ အထိမ်းအမှတ်အနေနဲ့ ရွှေဒင်္ဂါး ပြားတွေ ထုတ်ဝေခဲ့တာရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း သတ်မှတ်ထားတဲ့ ငွေကြေး ပမာဏပေးပြီး ဝယ်လို့ရတယ်ဆိုပေမယ့် များများစားစားဝယ်လို့ရတာ မဟုတ်ပါဘူး။ အခုကိစ္စမှာလည်း ဒီလိုပါဘဲ အတူတူပါဘဲ။ ကျွန်တော်ပြောချင်တဲ့ နောက်တစ်ချက်က ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။ ဒီငွေစက္ကူ ကျပ်နှစ်သောင်းတန်အသစ်က အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ငွေစက္ကူဖြစ်တဲ့အတွက် အဲဒီပိုက်ဆံနဲ့တန်ဖိုးတူညီ တဲ့ငွေပမာဏကို ဘဏ်ကိုသွားသွင်းမှငွေစက္ကူကျပ်နှစ်သောင်းတန်အသစ်ကို ထုတ်ပေး မှာဖြစ်ပါတယ်။ အဲဒီလိုထုတ်ပေးတဲ့နေရာမှာလည်း အကန့်အသတ်ရှိပါတယ်။ ဘဏ် ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ် သိန်းတစ်ရာ လိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူအဟောင်း သိန်းတစ်ရာနဲ့သွားပြီးလဲရင်လည်း သိန်း တစ်ရာထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို သုံးရွက်ပဲထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီသုံးရွက် ကိုလည်း အလကားထုတ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနားလည် အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒီငွေစက္ကူတွေကိုလည်း ငွေစက္ကူအဟောင်းနဲ့ လဲလှယ်နိုင်အောင် လုပ်တာဖြစ်ပါတယ်။ လာရောက်လဲလှယ်တဲ့ ငွေစက္ကူအဟောင်းတွေကိုလည်း ဗဟိုဘဏ်ကအကုန်လုံး ဖျက် ဆီးပစ်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးဈေးကွက်ထဲမှာ ဒီငွေစက္ကူ ကျပ်နှစ်သောင်းတန်အသစ်တွေ အလုံးအရင်းနဲ့ဝင်ရောက်လာဖို့ ဆိုတဲ့ကိစ္စက လုံးဝ လည်းမဖြစ်နိုင်ဘူး၊ ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါတယ်။ ဒါကြောင့် ငွေကြေးဖောင်း ပွမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မတည်ငြိမ်အောင်ကောလာဟလတွေ ထုတ်လွှင့်နေတာဘဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆ မှာ စီးပွား ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အာမခံပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လက်ခံထားတဲ့အစိုးရဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၆(ဃ) မှာပါတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြုဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆(စ) မှာပါတဲ့ တရားဝင်ထုတ်ဝေ ထားသောငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက် တွေနဲ့ အာမခံပြီးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယခင်က တရားဝင် ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှသတ်မှတ်မှာမဟုတ်ပါဘူး။ ဒါကိုလည်း အာမခံချက်ပေးလိုပါတယ်။ နောက်ဆုံးအနေနဲ့ အသိပေးပြောကြားလိုတာကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကောလာဟလတွေထုတ်လွှင့်ဖို့အတွက် အချိန်ကိုက်ဆောင်ရွက်နေတာဖြစ်တယ်။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီအခြေအနေတွေကို ကောင်းစွာ ထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို အသိပေးပြောကြားလိုတာကတော့ ပြည်သူလူထုအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ မိမိတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြောင်း ကျွန်တော်တို့ အနေနဲ့ အာမခံပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၃)

 

  • မီဒီယာအချို့နှင့် ပြည်ပြေးမီဒီယာများက မြန်မာငွေကျပ်နှစ်သောင်းတန်အသစ် ရိုက်နှိပ်ထုတ်ဝေမှုနှင့်ပတ်သက်၍ ကောလာဟလများဖြန့်ဝေခဲ့ပြီးနောက် ဒေါ်လာ ဈေး၊ ရွှေဈေးနှင့် အခြားကုန်ဈေးနှုန်းများပါ ဆွဲတင်ခြင်းခံခဲ့ရ။
  • ငွေစက္ကူအသစ်ကျပ်နှစ်သောင်းတန်က အလုံးအရင်းနှင့်ထုတ်သည့် ပိုက်ဆံမဟုတ်၊ အထိမ်းအမှတ်အနေဖြင့်သာ ထုတ်လိုက်သည့် ငွေစက္ကူသာဖြစ်သည့်အတွက် အဆို ပါပိုက်ဆံနှင့် တန်ဖိုးတူညီသည့်ငွေပမာဏကို ဘဏ်သို့သွားသွင်းမှ ငွေစက္ကူကျပ် နှစ်သောင်းတန်အသစ်ကို ထုတ်ပေးမှာဖြစ်။ ထုတ်ပေးရာတွင်လည်း အကန့်အသတ် ဖြင့်သာ ထုတ်ပေးမည်ဖြစ်။ လာရောက်လဲလှယ်သည့် ငွေစက္ကူအဟောင်းများကို လည်း ဗဟိုဘဏ်က အကုန်လုံး ဖျက်ဆီးပစ်လိုက်မည်ဖြစ်။
  • ငွေရေးကြေးရေးဈေးကွက်ထဲသို့ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ်များ အလုံး အရင်းဖြင့် ဝင်ရောက်လာရန် လုံးဝမဖြစ်နိုင်သဖြင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင် ကြောင်း မိမိအနေဖြင့် အာမခံ။
  • ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၆() မှာပါသည့် စီးပွားရေးဆိုင်ရာလုပ်ငန်း များကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုဆိုသည့်အချက်နှင့် ပုဒ်မ ၃၆() မှာပါသည့် တရားဝင်ထုတ်ဝေထားသောငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုဆိုသည့် အချက်များဖြင့် အစိုးရအနေဖြင့် အာမခံပြီးဖြစ်။
  • အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယခုအခြေအနေကို ကောင်း စွာထိန်းသိမ်းနိုင်၊ ပြည်သူလူထုအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် မိမိတို့၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း အာမခံ။

Add new comment