ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် ဇန်နဝါရီလ ၁၈ ရက်၌လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် ဇန်နဝါရီလ ၁၉ ရက်၌လည်းကောင်း မြန်မာ နိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ရာ-
- ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့်တွေ့ဆုံစဉ် မြန်မာ-အီဂျစ်နှစ်နိုင်ငံ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံလယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအသစ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက် မှု၊ ဝါမျိုးများဖလှယ်ရေး၊ ဝါသီးနှံနှင့်အာလူးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ နှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့်တွေ့ဆုံရာတွင် ပြည်တွင်း ဘဏ်များ၌ ငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများနှင့် နိုင်ငံခြားသုံးငွေ လုပ်ငန်းများဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးနှင့်တွေ့ဆုံရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုအစရှိသော ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘော တူညီချက်များ အကောင်အထည်ဖော်ဆောင်သွားရေးနှင့် လက်မှတ်ရေးထိုးရန် ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့။
- ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်တွေ့ဆုံရာတွင် လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး တို့တွေ့ဆုံ၍ မြန်မာ-အီဂျစ်နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ နှစ်နိုင်ငံလယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအသစ် ရေးထိုးနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေး၊ ပြည်တွင်းဘဏ်များ၌ ငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုအစရှိသော ကဏ္ဍများအပါအဝင်နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး။
Add new comment