ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

      ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး Mr. Iskander Azizov ဦးဆောင်သော အဖွဲ့ကို ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံအကြား စားရေရိက္ခာဖူလုံရေးဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲရလဒ်မှ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင်သဘာဝအပင်ကြီးထွားဆေး စက်ရုံတည်ဆောက်ရန်ကိစ္စရပ်၊ မြန်မာ့ ရေ၊ မြေ၊ ရာသီဥတု၊ သီးနှံလိုအပ်ချက်နှင့်ကိုက်ညီမှုရှိသည့် ဓာတ်မြေဩဇာများ ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန် များအတွက် ဈေးကွက်အခွင့်အလမ်းရရှိရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင်သုံးစီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့။
  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်နိုင်ရန်အတွက် ဆွေးနွေးနေသည့်ကိစ္စရပ်များ၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဘူမိဗေဒနှင့် ဘူမိရူပဗေဒ ဆိုင်ရာလုပ်ငန်းများတွင် Artificial Intelligence (AI) နည်းပညာအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်နေသည့်ကိစ္စရပ် များ၊ မြန်မာ - ရုရှားနှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံစဉ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်နိုင်ရေး၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဘူမိ ဗေဒနှင့်ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းများ တွင် AI နည်းပညာအသုံးပြုနိုင်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝအပင်ကြီးထွားဆေးစက်ရုံတည်ဆောက်ရေး၊ မြန်မာ့ရေ၊ မြေ၊ ရာသီဥတု၊ သီးနှံလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဓာတ်မြေဩဇာများ ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များအတွက် ဈေးကွက် အခွင့်အလမ်းရရှိရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

Add new comment