နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ဇန်နဝါရီလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရှိ COMMUNITY CENTRE ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မိမိအနေဖြင့် ကွန်ပြူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များကို ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှုနယ်ပယ်များ ထည့်သွင်းဆောင်ရွက်နိုင်သော Polytechnic University များအဖြစ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရှင်များနှင့် ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- တက္ကသိုလ်ကောလိပ်များကို အဆင့်မြှင့်တင်ပေးခြင်းသည် အနာဂတ်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ပညာရှင်များ မွေးထုတ်ပေးခြင်းပင်ဖြစ်ကြောင်း။
- တက္ကသိုလ်ပညာရပ်သည် တွေးခေါ်လေ့လာသင်ကြားခြင်း (Studying) ဖြစ်သဖြင့် အမှန်တကယ် တွေးခေါ်မျှော်မြင်တတ်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေး လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပြီး တက္ကသိုလ်အတွင်း ၃ ထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်ရာ တက္ကသိုလ်ပင်မဆောင်ခန်းမ၌ တာဝန်ရှိသူများက ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများ သင်ကြားပေးလျက်ရှိမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ IT center rooms တည် ဆောက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မိမိတို့အနေဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မိမိတို့တာဝန်ယူချိန်တွင် ပညာရည်မြှင့်တင်ရေးအဖြစ် KG + 9 အဆင့်အထိ မဖြစ်မနေသင်ကြားရန် မူဝါဒချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ KG + 9 တက်ရောက်အောင် မြင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများ တက်ရောက်ပြီး သက်ဆိုင်ရာ ပညာရပ်များအလိုက် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာတတ်မြောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အဆင့်မြင့်တက္ကသိုလ်နှင့် ကောလိပ်များကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း။
- ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်နိုင်ရန်အတွက် ထိရောက်သည့် သင်ကြားမှုများ ဖြစ်ရန်လိုပြီး ဘွဲ့ရရှိပြီးချိန်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် အမှန်တကယ်တွေးခေါ်မျှော်မြင်ဆောင်ရွက်တတ်သူများဖြစ် ရန်လိုကြောင်း။
- အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးကို ကောင်းမွန်သည့် အထောက်အပံ့များ ဖြစ်စေနိုင်မည်ဖြစ်သဖြင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမည်ဖြစ် ကြောင်း။
- ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရေးနှင့် ၎င်းတို့၏ဘဝတစ်လျှောက် ကောင်းမွန်မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပရိဝုဏ်အတွင်း ကံ့ကော်၊ စိန်ပန်း၊ ခရေစသည့် အရိပ်ရအပင်ကြီးများ စိုက်ပျိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့။
- တက္ကသိုလ်ပညာရပ်သည် တွေးခေါ်လေ့လာသင်ကြားခြင်း (Studying) ဖြစ်သဖြင့် အမှန်တကယ် တွေးခေါ်မျှော်မြင်တတ်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရေး လေ့ကျင့်သင်ကြားပေးသွားရန်လို။
- KG + 9 တက်ရောက်အောင် မြင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများ တက်ရောက်ပြီး သက်ဆိုင်ရာပညာရပ်များအလိုက် ဆက်လက်သင်ကြားနိုင်မည်ဖြစ်။
- အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးကို ကောင်းမွန်သည့် အထောက်အပံ့များဖြစ်စေနိုင်မည်ဖြစ်သဖြင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမည်ဖြစ်။
Add new comment