၂၈-၁၂-၂၀၂၃ ရက်မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှုကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ ၁၆ ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများဖြစ်သည့် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃ ဦး တွင်လည်းကောင်း၊ Omicron JN.1 နှင့် XBB.1.16.17 တို့ကို ပြည်တွင်းကူးစက်ခံရသူ ၁၃ ဦးတွင်လည်းကောင်း အသီးသီးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
သတင်းထုတ်ပြန်ချက်
၁၀-၁-၂၀၂၄
၁။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ ၁၈ ခုကို ၂၈-၁၂-၂၀၂၃ ရက်မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ ၁၆ ခုတွင် ကိုဗစ် -၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၃ ခုနှင့် ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၁၃ ခုတို့ဖြစ်ပါသည်။
၂။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များဖြစ်ပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃ ဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၁၃ ဦးတွင် Omicron JN.1 ၁၁ ဦးနှင့် XBB.1.16.17 ၂ ဦးတို့ကိုလည်းကောင်း အသီးသီးတွေ့ရှိရပြီး ၎င်းတို့အားလုံးသည် ကျန်းမာရေးအခြေအနေများ သက်သာကောင်းမွန်သဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ယခုတွေ့ရှိရသော SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါဗီဇ ပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ပါသည်။
၃။ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးကြောင်း၊ ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန် ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၁-၁-၂၀၂၄)
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ ၁၈ ခုတွင် ဓာတ်ခွဲနမူနာ ၁၆ ခု၌ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရ။
- စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃ ဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၃ ဦးတွင် Omicron JN.1 ၁၁ ဦးနှင့် XBB.1.16.17 ၂ ဦးတို့ကိုလည်းကောင်း အသီးသီးတွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးသည် ကျန်းမာရေးအခြေအနေများ သက်သာကောင်းမွန်သဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်။
- ယခုတွေ့ရှိရသော SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါဗီဇ ပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်။
- ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပြီး ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိ။
Add new comment