နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့တို့သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr.Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ဇန်နဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ အာဆီယံတူညီဆန္ဒ (၅)ရပ် အပေါ် ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏အထူး ကိုယ်စားလှယ်တို့နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့နှင့် တွေ့ဆုံရာတွင် အာဆီယံတူညီဆန္ဒ(၅)ရပ်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁-၂၀၂၄)
-
ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့တို့ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ အာဆီယံတူညီဆန္ဒ (၅) ရပ်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment