ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ၏ အသက် (၁) နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်တွင် နေပြည်တော်၊ ဥပ္ပါတ သန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူ တော်လေး “ရဋ္ဌနန္ဒက” အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” အား အသက် (၁) နှစ်ပြည့် အထိမ်းအမှတ်လက်ဆောင်ကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပါသည်။
အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”၏ မွေးနေ့မင်္ဂလာအတွက် ဆုတောင်းစကားမြွက်ကြား၍ မေတ္တာပို့ခဲ့ပြီးနောက် ရတနာဆင်ဖြူတော်လေး၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ချိုးဖြူငှက် ၁၀ ကောင်အား ဘေးမဲ့လွှတ်ပေးခဲ့ပါသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနားအောင် မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြပြီး အခမ်းအနားတက် ရောက်လာကြသူများနှင့်အတူ ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ရတနာဆင်ဖြူတော် များနှင့် ရတနာဆင်ဖြူတော် အဖော်ဆင်များကို အစာအာဟာရများ ကျွေးမွေးခဲ့ကြ ပါသည်။
ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နံနက်မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိ ကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန် ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာ ကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက်နှင့်ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်ကြောင်း၊ မိခင်ဆင်မကြီး နှင့်အတူ နေပြည်တော်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ရောက်ရှိခဲ့ကာ ယခုအသက် ၁ နှစ်သားတွင် အရပ်အမြင့် ၃ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၆၇၀ ပေါင်ရှိလာပြီး နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၃)
- ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” ၏ အသက် (၁) နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံမြေအတွင်းရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့။
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” အား အမွှေး နံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး အသက် (၁) နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့။
- ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် ၇ ချက်နှင့် ကိုက်ညီ၍ ယခုအသက် ၁ နှစ်သားတွင် အရပ်အမြင့် ၃ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၆၇၀ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်လျက်ရှိ။
Add new comment