တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့ကလည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်ကလည်းကောင်း၊ နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် အာဆီယံ-တရုတ် ဗဟိုဌာနအနေဖြင့် ဦးစားပေးနယ်ပယ် ခြောက်ခုဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက် နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် နောက်ဆက်တွဲအစီ အစဉ်အောက်ရှိ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင် အထည်ဖော်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ။
- ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန် ကြီးက ၂၀၂၃ ခုနှစ် ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာပေါင်း ၂၅ စောင် လက်မှတ်ရေးထိုး ထားကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသနပူးပေါင်း ဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အာဆီယံ-တရုတ် စင်တာအတွင်းရေးမှူးချုပ်က အာဆီယံ-တရုတ်စင်တာသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနှင့် မီဒီယာကဏ္ဍတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိ ကြောင်းပြောကြားခဲ့။
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ခရီးသွားဧည့်သည်များ အပြန်အလှန် သွားလာလည်ပတ်ရေးနှင့် ခရီး သွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာခရီးသွားပြပွဲများ၊ ပွဲတော်များနှင့် ကုန်စည်ပြပွဲများသို့ ဖိတ်ကြားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၃)
|
Add new comment