လွိုင်ကော်မြို့အနီး KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်

ဇန်နဝါရီ ၂၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင် ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ ခိုအောင်းရောက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ချေမှုန်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် ဒေသအခေါ် ဂေါ်ရခါးကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း ခိုအောင်းရောက်ရှိလျက်ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ဂေါ်ရခါးကျေးရွာသို့ ထပ်မံအင်အားဖြည့်တင်းနိုင်ရေး လုပ်ဆောင်လာခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ ဒေသခံပြည်သူလူထု၏ အိုးအိမ်အဆောက်အဦများ၊ အစိုးရရုံးအဆောက်အဦများ အတက်နိုင်ဆုံး ထိခိုက်မှုမရှိစေရေးအတွက် ပိုင်းဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

 ဇန်နဝါရီ ၂၂ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်အဖွဲ့များ၏ နောက်သို့ထပ်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခဲ့ရာ ဟိုဖိတ်ကျေးရွာအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနိုင်မှုမရှိသည်အထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။

အကြမ်းဖက်အဖွဲ့များအား လိုက်လံတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များအတွင်း အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းရှိ လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၌ ပစ်ကျင်း၊ ပစ်ကတုတ် အကာအကွယ်ပြုလုပ်၍လည်းကောင်း၊ လူနေရပ်ကွက်များအတွင်း ဆက်သွယ်ရေးမြောင်းများ၊ သဲအိတ်ဘန်ကာများ၊ ကွန်ကရစ်ဘန်ကာများ၊ ပစ်ကျင်းများပြုလုပ်၍ လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိ ရပါသည်။

၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် အကြမ်းဖက်သမားများ၏ လူသားတံတိုင်း အဖြစ်အသုံးပြုခြင်းခံခဲ့ရသည့် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဦးစိုးထွေး အသက်(၅၀)နှစ်နှင့် အမည်(စိစစ်ဆဲ) အသက်(၄၀) ခန့် အရွယ်ရှိ အမျိုးသမီး ၁ ဦးတို့အား ထိပ်တုံးခတ်လျက်တွေ့ရှိခဲ့ရပါသည်။ ၎င်း အမျိုးသမီးမှာ မျက်လုံးများ ထိုးဖောက်ထားရှိသည့် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ဦးစိုးထွေးမှာ ထိုးကြိတ်၊ ရိုက်နှက်ထားသည့် စိုးရိမ်ရဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

 စိစစ်ဖော်ထုတ်ချက်အရ-

  • ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် ကယားပြည်နယ်နေ့၌ လွိုင်ကော်မြို့ကို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ရန် အစီအစဉ်ချဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံရေးစစ်ကြောင်းများသည် ဇန်နဝါရီလ ၁၇ ရက်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၌ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း။
  • ၎င်းဖြစ်စဉ်၌ မိုင်းလုံးရပ်ကွက်နေ ဦးစိုးထွေးအား အကြမ်းဖက်အဖွဲ့များက ဒလန်အဖြစ်စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး နေ့စဉ် ညှင်းပမ်းနှိပ်စက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ်တွင် အကြမ်းဖက်သမားများက ဖမ်းဆီးထားသူများကို လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း။
  • ၎င်းတို့နှင့်အတူ အကြမ်းဖက်အဖွဲ့က မတရားဖမ်းဆီးထားသည့် ပြည်သူ ၅ ဦးရှိပြီး ၃ ဦးကိုမူ ဇန်နဝါရီလ ၂၁ ရက်တွင် နေရာပြောင်းရွှေ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူများဘက်မှ KNPP ယူနီဖောင်းဝတ်နှင့် အရပ်ဝတ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါသည်။

 KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များသည် စစ်ရေးနှင့် သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေးနှင့်သက်ဆိုင်သည့် အဆောက်အဦများ၊ ပညာရေးဆိုင်ရာအဆောက်အဦများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အကာအကွယ်ယူ တိုက်ခိုက်ခြင်း၊ လူနေရပ်ကွက် အဆောက်အဦ များမှဒေသခံပြည်သူများအား မောင်းထုတ်ခြင်း၊ ပစ်ကျင်းများ၊ ပစ်ကတုတ်များတူး၍ အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင်ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုံမှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း တို့ကိုလုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက် ခြင်းဖြစ်သောကြောင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် အကြမ်းဖက်အဖွဲ့များအား ဆက်လက်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

  • လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေးအဆောက်အဦများ၊ ပညာရေးဆိုင်ရာအဆောက်အဦများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ယူတိုက်ခိုက်ခြင်း၊ လူနေရပ်ကွက် အဆောက်အဦများမှဒေသခံပြည်သူများအား မောင်းထုတ်ခြင်း၊ ပစ်ကျင်းများ၊ ပစ်ကတုတ်များတူး၍ အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့် တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုံမှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့။
  • အကြမ်းဖက်သမားများ၏ လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းခံခဲ့ရသည့် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဦးစိုးထွေးနှင့် အမည်(စိစစ်ဆဲ) အမျိုးသမီး ၁ ဦးတို့အား ထိပ်တုံးခတ်လျက်တွေ့ရှိ။
  • ၎င်းအမျိုးသမီးမှာ မျက်လုံးများ ထိုးဖောက်ထားရှိသည့် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ဦးစိုးထွေးမှာ ထိုးကြိတ်၊ ရိုက်နှက်ထားသည့် စိုးရိမ်ရဒဏ်ရာများဖြင့် တွေ့ရှိရ။

Add new comment