ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်

        ဥပဒေရေးရာဝန်ကြီးဌာနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာ (China-ASEAN Legal Research Center) တို့အကြား ချုပ်ဆိုမည့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က-

  • ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် တရုတ်-အာဆီယံဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဤနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း။
  • နားလည်မှုစာချွန်လွှာအရ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနစင်တာတို့အကြား ဥပဒေရေးဆွဲရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဥပဒေအသိပညာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် အဓိကထား၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နားလည်မှုစာချွန်လွှာရေးထိုးခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံအကြားရှိ ဥပဒေစနစ်မတူညီမှုများ၊ ဘာသာစကားများ၊ နိုင်ငံရေးမူဝါဒနှင့် ယဉ်ကျေးမှုစနစ်တို့ကို အပြန်အလှန်အားဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများတွင် ထိရောက်မှုရှိလာမည်ဖြစ် ကြောင်း ပြောကြားခဲ့။

အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ (Honorable Professor)” အဖြစ်ခန့်အပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က လက်ခံရယူခဲ့ပါသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံ နှင့်ဥပဒေတက္ကသိုလ် (Southwest University of Political Science and Law) ပါမောက္ခချုပ် Mr.Wu Yu Hong နှင့် ပါမောက္ခများ၊ တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနစင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Xiao Jun နှင့် တာဝန်ရှိသူများနှင့် ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၃)

 

  • ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် တရုတ်-အာဆီယံဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့။
  • နားလည်မှုစာချွန်လွှာရေးထိုးခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံအကြားရှိ ဥပဒေစနစ်မတူညီမှုများ၊ ဘာသာစကားများ၊ နိုင်ငံရေးမူဝါဒ နှင့် ယဉ်ကျေးမှုစနစ်တို့ကို အပြန်အလှန်အားဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများတွင် ထိရောက်မှုရှိလာမည်ဖြစ်။
  • အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ (Honorable Professor)” အဖြစ်ခန့်အပ်။

Add new comment