ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ဇူလိုင်လ ၁၇ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား (MoU) သက်တမ်းကျော်လွန်မှု အခြေအနေနှင့် ထပ်မံချုပ်ဆိုမည့် MoU အသစ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုနိုင်မည့် အသုံးအနှုန်းများနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံးပြုစုပေးနိုင်ရေး၊ ယင်းကာလအတွင်း ဌာနေကိုယ်စားလှယ်အပါအဝင် UNHCR မှ နိုင်ငံခြားသားများ၏ ဗီဇာနေခွင့်သက်တမ်းတိုးမြှင့်ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီးနှင့် (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်  ဌာနေကိုယ်စားလှယ်အပါအဝင် UNHCR မှ နိုင်ငံခြားသားများ၏ ဗီဇာနေခွင့်သက်တမ်း တိုးမြှင့်ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် သိရှိ နားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment