မွေးရာပါခါးရိုးကောက်သောလူနာများနှင့် ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများကို အရိုးရောဂါအထူးကုဆေးရုံကြီးများတွင် အောင်မြင်စွာဆောင်ရွက်ပေးလျက်ရှိ

         အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် အဆိုပါဆေးရုံကြီးမှ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခဒေါက်တာကံမင်းတို့ ပူးပေါင်း၍ ဇွန်လ ၁၂ ရက်မှ ၁၆ ရက်အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ (Scoliosis) လူနာ(၁၂)ဦးကို ခါးရိုးပြန်လည်တည့်မတ်ကုသခြင်း (Pedicle Screws and Rods Posterior Fixation)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါခါးရိုးကောက်သောရောဂါကုသခြင်းများကို ခုတင် (၃၀၀) ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်မှ ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကိုယ်တိုင် လုပ်ဆောင်၍လည်းကောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကို ဖိတ်ခေါ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ (၂၀၀၅) ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျှမ်းမျှ (၁၂) ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ဇူလိုင်လ ၁၆ ရက်အထိ စုစုပေါင်း ခါးရိုးကောက်သောရောဂါလူနာ (၂၀၀) ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါသည်။

ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေးတို့တွင်လည်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး၌ ခါးဆစ်ကျွံရောဂါများ၊ ခါးရိုးကျီးပေါင်းတက်ရောဂါများ၊ လည်ပင်းရိုးကျီးပေါင်းတက်ရောဂါများ၊ ခါးရိုးတီဘီရောဂါများကို ကုသပေးလျက်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောရိုးထိခိုက်ဒဏ်ရာရလူနာများကို ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၃)

 

  • အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခဒေါက်တာကံမင်းတို့ ပူးပေါင်း၍ ဇွန်လ ၁၂ ရက်မှ ၁၆ ရက်အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ (Scoliosis) လူနာ(၁၂)ဦးကို ခါးရိုးပြန်လည်တည့်မတ်ကုသခြင်း (Pedicle Screws and Rods Posterior Fixation)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့။

Add new comment