PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် မြို့/ရွာများအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို မကြာခဏဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ ၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အတွင်းသို့ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အမှတ် (၈) ရပ်ကွက်၊ မြို့မလမ်းပေါ်သို့ ကျရောက်၍ အပြစ်မဲ့ပြည်သူအမျိုးသား ၃ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ် ခြင်းနှင့် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား နည်းလမ်းအမျိုးမျိုးဖြင့် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက်သမားများအား ရွံရှာမုန်းတီးလျက်ရှိပါသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ဒဏ်ရာရရှိအောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁-၂၀၂၄)
|
Add new comment