နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌-

  • မိမိတို့အစိုးရ၏အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးပင်ဖြစ်ကြောင်း။
  • နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း။
  • တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာခဲ့ပြီး ယခုအချိန်အထိလည်း အချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိဆဲပင်ဖြစ်ကြောင်း။
  • အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူလူထု၏အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံ ဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း။
  • နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုသကဲ့သို့ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
  • ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှု ရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။
  • ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း။
  • သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏ မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင် ချမှတ်ဆောင်ရွက်ထားရန်လိုကြောင်း။
  • ပါတီဝင်များအနေဖြင့် နိုင်ငံအတွင်း ပညာသင်ကြားရမည့်အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။
  • လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။
  • ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
  • ရွေေးကောက်ပွဲအောင်မြင်အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိပြီး မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာရရှိရေး ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရသိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီများကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့မှု အခြေအနေများ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့်အချို့ပါတီများကို ဖျက်သိမ်းခဲ့မှု အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ် ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေးပါတီများအနေဖြင့်လည်း ဥပဒေသတ်မှတ်ချက်များ ပြည့်မီစေရေးဆောင်ရွက်ရန် လိုအပ်မှုများကိုလည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးပါတီများအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များအား ဖြေလျော့ပေးစေလိုမှု တင်ပြချက်များအပေါ် ဥပဒေပိုင်းဆိုင်ရာသုံးသပ်ချက်များကိုလည်းကောင်း၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးစစ်အေးက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင်-

  • မိမိတို့အစိုးရတာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများရရှိခဲ့မှု မရှိသည့်အပြင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရသောကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှရရှိသည့် ငွေကြေးများဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊
  • နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက် စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ပါတီများအားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တတ်နိုင်သရွေ့ ညီညီညွတ်ညွတ်  ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁-၂၀၂၄)

 

  • မိမိတို့အစိုးရ၏အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးပင်ဖြစ်။
  • ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်။
  • ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လို။
  • ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှု ရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လို။
  • ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိ။
  • ရွေေးကောက်ပွဲအောင်မြင်အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိပြီး မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။
  • ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်ဖြစ်။
  • နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက် စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment