စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းနှစ်ခုအား ဇန်နဝါရီလ ၂၂ ရက် နံနက် ၃ နာရီခွဲခန့် တွင် အကြမ်းဖက်သမားအင်အား ၁၀၀ ခန့်စီက သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် တစ်ပြိုင်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ထိုသို့သာလွန်အင်အားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စခန်းများအလိုက် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သမားများက အင်အားထပ်မံတိုးမြှင့်တိုက် ခိုက်လာခဲ့သည့်အတွက် စခန်းအသီးသီးမှ ခေတ္တဆုတ်ခွာ ပေးခဲ့ရပြီး အကြမ်းဖက်သမားများက စခန်းများအတွင်းရှိ ရုံးအဆောက်အဦ တစ်လုံးနှင့် လူနေအဆောက်အဦ တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာများသို့ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့် သွားရောက်၍ စိစစ်ခဲ့ရာ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ငယ်အချို့ ပျောက်ဆုံးခဲ့ပါသည်။
အကြမ်းဖက်သမားများသည် ရပ်ရွာအေးချမ်းသာယာရေးကို ဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများကို သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နေမှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့်အပြင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကိုလည်း ခြိမ်းခြောက်လျက်ရှိပါသည်။
အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်း များအား ပြန်လည်ရရှိရေး၊ ဒေသအတွင်း လုံခြုံမှုရရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ဖောင်းပြင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၏ လုံခြုံရေးစခန်းများကို အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းများအတွင်းရှိ ရုံးအဆောက်အဦတစ်လုံးနှင့် လူနေအဆောက်အဦတစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ငယ်အချို့ ပျောက်ဆုံးခဲ့။
Add new comment