(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကျင်းပ

      (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဂုဏ်ပြုဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆောင်ခန်းမ၌ ညစာကို အတူတကွသုံးဆောင်ခဲ့ကြပါသည်။

ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများ၊ ပဒေသာကပွဲများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးက တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ကာ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၄)

 

  • (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုဆောင်ခန်းမ၌ ညစာကို အတူတကွသုံးဆောင်ခဲ့။

Add new comment