နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

       (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ဇန်နဝါရီလ ၄ ရက်တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြ သည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေး ကြိုးပမ်းမှုနှင့်အတူ တစ်ဖက်တွင်လည်း ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးစသည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း အထူးအလေးထားပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံ၏(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာအကျိုးပြုခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း။
  • ယနေ့ အခမ်းအနားတွင် သရေစည်သူဘွဲ့ (၉) ဦး၊ စည်သူဘွဲ့ (၅) ဦး၊ သူရဘွဲ့ (၆) ဦး၊ သီရိပျံချီဘွဲ့(၄၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၈၃) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၄) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၄) ဦး၊ စုစုပေါင်း (၁၅၃) ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပါကြောင်း။
  • ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဘွဲ့ခံပုဂ္ဂိုလ်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက်သာမက သက်ဆိုင်ရာမိသားစုဝင်များအတွက်လည်း သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားစရာ အထိမ်းအမှတ်သင်္ကေတများအဖြစ် ဖြင့် ဆက်လက်တည်ရှိနေကြမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သူ ၉၄ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၄)

 

 
   
  • မြန်မာနိုင်ငံ၏(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာအကျိုးပြုခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်။
  • အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့များရရှိခဲ့ကြသူ စုစုပေါင်း(၁၅၃)ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်။
  • ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ဘွဲ့ခံပုဂ္ဂိုလ်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက်သာမက သက်ဆိုင်ရာမိသားစုဝင်များအတွက်လည်း သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားစရာ အထိမ်းအမှတ်သင်္ကေတများအဖြစ်ဖြင့် ဆက်လက် တည်ရှိနေကြမည်ဖြစ်။

Add new comment