တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-
- ရဲဘော်အချင်းချင်းအပေါ်ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားများကို ရှေ့တန်းတင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံရဲစွမ်းသတ္တိ ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ကြသူများကို နှစ်စဉ်ဇန်နဝါရီလ ၄ ရက်ရောက်သည့်အခါတိုင်း တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။
- မိမိတို့ထံ ရောက်ရှိလာသည့် သမိုင်းပေးတာဝန်များကို ရဲစွမ်းပြောင်မြောက်သည့် သူရသတ္တိအပြည့်ဖြင့် အသက်၊ သွေး၊ ချွေး၊ ခန္ဓာတို့ ရင်းနှီးပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံသားကောင်းများကို ယခုကဲ့သို့ လွတ်လပ်ရေးနေ့အခါသမယရောက်တိုင်း ဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ချီးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်များနှင့် မျိုးဆက်သစ်တပ်မတော်သားများအတွက် အဖိုးတန်စိတ်ဓာတ်ကောင်းများကို အားကျအတုယူ စေရန်ပင်ဖြစ်ကြောင်း။
- ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အပြောမဟုတ် အလုပ်သက်သေများနှင့် ဆောင်ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ဆောင်ရွက်ချက်များသည် သာမန်အမျိုးသမီးတိုင်းလုပ်နိုင်ခဲသည့် စွမ်းဆောင်ရည် များပင်ဖြစ်ကြောင်း။
- တပ်မတော်၏ အဓိကအမာခံ အရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များသည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
- အများတကာ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့် တာဝန်များကို စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့သူများအတွက် နှစ်စဉ်လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် တပ်မတော်စွမ်းရည်သတ္တိနှင့်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့/တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပေးလျက်ရှိရာ ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦးကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
- ရဲသူရတံဆိပ်ရရှိသူ ၉ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၉၉ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမ) ဆင့်ရရှိသူ ၁၄ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယ) ဆင့်ရရှိသူ ၂၈ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမ) ဆင့်ရရှိသူ ၃ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယ) ဆင့် ရရှိသူ ၆ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ပထမ) ဆင့်ရရှိသူ ၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့် ရရှိသူ ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၀ တို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း။
- အမိန့်နှင့်တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့သားကောင်းဇာနည်များ၏ ဖြူစင်မြင့်မြတ်သည့် နှလုံးသားများကို မျိုးဆက်သစ်များအနေဖြင့် လေးစားအားကျအတုယူလျက် နိုင်ငံတော်က အားကိုးရပြီး ပြည်သူလူထုက လေးစားအားထားရသည့် မျိုးချစ်တပ်မတော်သားကောင်းဇာနည်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၉ ဦး၊ ဗိုလ်ကြီး ၁၀ ဦး၊ ဗိုလ် ၁ ဦး၊ ဒုတိယအရာခံဗိုလ် ၁ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦးတို့ကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အကြီးအကဲများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၄)
|
Add new comment