ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအား နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်မခံရှုတ်ချသွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ကယားပြည်နယ် လွိုင်ကော်မြို့တွင် KNPP နှင့် PDF အကြမ်းဖက်သမားများသည် အရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ခြင်း၊ အရပ်သားများကို လူသားတံတိုင်းသဖွယ် အသုံးပြုခဲ့ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းဖြစ်သည့်အတွက်  နိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အဆိုပါအကြမ်းဖက်လုပ်ရပ်များအား လက်မခံ ရှုတ်ချသွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်

မကြာမီက ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းကို နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ထုတ်ပြန်ရာတွင် အချို့ကလည်း အပြုသဘောနှင့် မျှတစွာဖော်ပြချက်များရှိသကဲ့သို့ အချို့ကလည်း စိစစ်အတည်ပြု နိုင်မှုမရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသော အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၁၁-၁-၂၀၂၂ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖြစ်စဉ်မှန်ကို ရှင်းလင်းအသိပေးပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့တွင်းလူနေရပ်ကွက်များအတွင်း စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး၊ ယင်းသို့ တိုက်ခိုက်ခဲ့ရာတွင် လူနေအဆောက်အအုံများ၊ အစိုးရပိုင်အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒေသခံအပြစ်မဲ့ပြည်သူများ အသက်ဘေးလွတ်ရာသို့ ထွက်ခွာကြရာတွင်လည်း အကြမ်းဖက် သမားများက ထွက်ခွာခွင့်မပေးဘဲ လူသားတံတိုင်းသဖွယ် အသုံးပြုအကာအကွယ်များရယူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်သမားများသည် လွိုင်ကော်အကျဉ်းထောင်သို့လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မြို့တွင်း၌ ဆူပူမှုများနှင့် တည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များသည် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများရယူခဲ့ရကာ အကြမ်းဖက်သမားများကိုသာ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားများကို တိုက်ခိုက်ခဲ့ခြင်းမရှိပါ။ ယင်းဖြစ်စဉ်ကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်မှုမရှိပါကြောင်းနှင့် အကျဉ်းထောင်ရှိ အဆောက် အအုံအချို့နှင့် အရပ်ဘက်အဆောက်အအုံအချို့သာ ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည်။

KNPP နှင့် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် အရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ခြင်း၊ အရပ်သားများကို လူသားတံတိုင်းသဖွယ် အသုံးပြုခဲ့ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းဖြစ်သည်။ သို့ပါ၍ နိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မည်သည့်ပုံစံ၊ မည်သည့်အသွင်သဏ္ဍာန်ဖြင့်မဆို ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံရှုံ့ချသွားရန်ဖြစ်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်။

Add new comment