မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တက်ရောက်၊ မဲခေါင်မြစ်ပေါ်တွင် ၁,၄၆၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေမှု သွားရောက်ကြည့်ရှုလေ့လာ

        လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၆ ရက်ထိ လာအိုနိုင်ငံ၊ဗီယင်ကျင်းမြို့၌ ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး လာအိုနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ်ရှိ မဲခေါင်ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးတွင်-

  • ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး အဆိုပါဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီး ဌာန၏ အဓိကအရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စီမံကိန်းအား လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးကို အထူးအလေးထားကြောင်း။
  • မဲခေါင်မြစ်စီမံကိန်းတစ်ခုလျှင် ၅၀၀ မဂ္ဂါဝပ်နှင့်အထက် တည်ဆောက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို မြန်ဆန်စွာပြီးမြောက်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံများအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုလည်း အားပေးမြှင့်တင်နိုင် မည်ဖြစ်ကြောင်း။ 
  • မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း၊ လာအိုနိုင်ငံအစိုးရ၏ ခိုင်မာသော ထောက်ခံအားပေးမှုများကို အပြည့်အ၀အသိအမှတ်ပြုပြီး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲ လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်သည်များအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • လာအိုနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာဖိုစေးစရာစုံက ဆွေးနွေးပြောကြားရာတွင် မြန်မာ-လာအိုနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုတို့ကို တွန်းအားပေးဆောင်ရွက်လို ကြောင်း၊ ပူးတွဲလုပ်ငန်းအဖွဲ့နှင့် ပူးတွဲလုပ်ငန်းကော်မတီများ၏ အစည်းအဝေးများတွင် ဆွေးနွေးမှုရလဒ်များအရ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၃)ရပ် ဖြစ်သည့် နှစ်နိုင်ငံအကြား Power Supply Framework Agreemen လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်၊ မြန်မာ-လာအို နှစ်နိုင်ငံဓာတ်အားစနစ်ချိတ်ဆက်ရေး နည်းပညာဆိုင်ရာလိုအပ်ချက်များနှင့် ရယူမည့် ဓာတ်အားပမာဏများကို လေ့လာသုံးသပ်မည့် အကြံပေးပညာရှင်အဖွဲ့နှင့် ဆောင်ရွက်ရန်နှင့် မဲခေါင်မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများဖြစ်မြောက် နိုင်စွမ်းလေ့လာမှုကို  လာအိုကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့အပေါ် နှစ်နိုင်ငံဝန်ကြီးဌာနများမှ လိုအပ်သော အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်တွင် မဲခေါင်မြစ်ပေါ်တွင် ၁၄၆၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် Navigation Lock  ပါ ထည့်သွင်းတည်ဆောက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၃)

 

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး အဆိုပါဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ။
  • မဲခေါင်မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ကြရန် နှစ်နိုင်ငံဝန်ကြီးဌာနများမှ လိုအပ်သော အကူအညီများပေးအပ်သွားမည်ဖြစ်။
  • ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်တွင် မဲခေါင်မြစ်ပေါ်တွင် ၁၄၆၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် Navigation Lock  ပါ ထည့်သွင်းတည်ဆောက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့။

Add new comment