ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ

   ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန် အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက-

  • တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)သည် ကီလိုမီတာ ၁၇၀၀ ရှည်လျားပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကို ဖြတ်ကာ အနောက်ဘက်ပင်လယ်ရေကြောင်း ထွက်ပေါက်ဖြစ်သည့် ကျောက်ဖြူမြို့ကို ဆက်သွယ် ဖောက်လုပ်ထားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း။
  • ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင်တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်ကြောင်း။
  • ယခုကဲ့သို့တန်ဖိုးရှိပြီး စီးပွားရေးအခွင့်အလမ်းများစွာရှိနေခြင်းကြောင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် နိုင်ငံတော်အနေဖြင့် ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း။
  • ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခုဖြစ်လာမည်ဟု ယုံကြည် ကြောင်း။
  • သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခဲ့ခြင်း၊ မြန်မာဘက်က ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် CITIC ဘက်နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေရခြင်းတို့ကြောင့် စီမံကိန်းစတင်အကောင် အထည်ဖော်နိုင်ရေး နှစ်နှစ်ကျော် နှောင့်နှေးနေခဲ့သည်ကို တွေ့ရကြောင်း။
  • ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့တွင် သဘောတူလက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း။
  • ကျောက်ဖြူစီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့်ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက်သာစေမည်ဖြစ် ကြောင်း။
  • ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ကြောင်း။
  • စီမံကိန်းကို အမြန်ဆုံးစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ကာ နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်၊ စီးပွားဖွံ့ဖြိုးတိုး တက်၍ အေးချမ်းသာယာစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြရန် ဆန္ဒပြုကြောင်း ပြောကြားခဲ့ပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum)ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr. Liang Chuanxin တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် Mr. Liang Chuanxin တို့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၂-၂၀၂၃)

 

  • ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခုဖြစ်လာမည်ဟု ယုံကြည်။
  • ကျောက်ဖြူစီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့်ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက်သာစေမည်ဖြစ်။
  • ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်။

Add new comment