နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၀ ရက်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းနှင့် ရှုခင်းသာလမ်း တစ်လျှောက် လှည့်လည်ကြည့်ရှုကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မုန်တိုင်းဒဏ်သင့်ပြည်သူများ စားသောက်နေထိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ ပြန်လည်ထူထောင်ရေး အတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများကို တပ်မတော်ရေယာဉ်၊ လေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များဖြင့် ပို့ဆောင်လျက်ရှိမှုအခြေအနေများ၊ စားရေရိက္ခာပြတ်လတ် မှုမရှိရေး အခြေခံစားသောက်ကုန်များ၊ သောက်သုံးရေများနှင့် အမယ်စုံများကို ဒေသခံ ပြည်သူများထံ ဖြန့်ဝေပေးခဲ့မှု၊ မုန်တိုင်းသင့်ပြည်သူများအား အပိုင်းလိုက်ခွဲ၍ အမှန် တကယ် လိုအပ်သည့် ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများရောက်ရှိရေး စီမံဆောင် ရွက်လျက်ရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က-
- ပြန်လည်ပြင်ဆင်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လတ်တလော ငွေကြေးကုန်ကျမှုများထက် ဒေသ၏ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်ရန် လိုကြောင်း။
- မြို့ပတ်လမ်းတစ်လျှောက်၌ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ရန်နေရာများ၊ ပင်လယ်ကမ်းစပ်သို့ ဆင်းနိုင်သည့် နေရာများကိုလည်း ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း။
- ခေတ်မီမြို့ပြအဖြစ် ရောက်ရှိလာစေရေး မြို့တွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်း များကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အဆောက် အဦများကိုလည်း ခေတ်နှင့်လျော်ညီသည့် အဆောက်အဦများဖြစ်စေရေး စီမံ ဆောင်ရွက်သွားရန်လိုကြောင်း။
- ရခိုင်ပြည်နယ်တွင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်အတွက် မွေးမြူရေးအစာကုန်ကြမ်းများ ရှိပြီးဖြစ်သဖြင့် အစာစနစ်၊ ရေစနစ်တို့ကို စနစ် တကျဆောင်ရွက်မည်ဆိုပါက မွေးမြူရေးအထွက်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း။
- အခြေခံပညာကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးနှင့် လိုအပ်သည့်အချိန်များတွင် ယာယီခိုလှုံရာ Shelter များအဖြစ် အသုံးပြုနိုင်ရေး စနစ်တကျဖြင့် တွက်ချက် စီမံဆောင်ရွက်ရန်လိုကြောင်း။
- မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ် ရာတွင် ထိခိုက်မှုအဆင့်အလိုက် သတ်မှတ်ထားသည့်အတိုင်း ထောက်ပံ့ပေးနိုင်ရေး စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ရန်လိုကြောင်း။
- လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ နိုင်ငံတော်ဓာတ်အားလိုင်းမှ ချိတ်ဆက်ဆောင် ရွက်ထားခြင်းဖြစ်သဖြင့် သဘာဝဘေးဒဏ်ကျရောက်ချိန်တွင် ဓာတ်အားပြတ် တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း။
- စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဆောင်ရွက်နိုင် သကဲ့သို့ ရေအရင်းအမြစ်ကို အသုံးချ၍ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း လေ့လာဆောင် ရွက်ရန်လိုကြောင်း။
- သဘာဝဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို လက်ရှိအချိန်တွင် တွေ့ရှိရကြောင်း။
- အဆောက်အဦများပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအဆောက်အဦများ ပြင် ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက် ချိန်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း။
- နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုများအရ၊ ငွေကြေးအရ၊ စားသောက်ကုန်များနှင့် အခြားလိုအပ်သည်များကို တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
- သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်၊ အများပြည်သူအခက်အခဲအကျပ် အတည်းများ တွေ့ကြုံနေရသည့်အချိန်တွင် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ဈေးနှုန်း များထက် မတန်တဆဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုများအပေါ်တွင် တာဝန်ရှိသူများက ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း။
- ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သဖြင့် ပညာသင်ကြားရေးကို အားပေးဆောင် ရွက်ရန်လိုပြီး ရခိုင်ပြည်နယ်သည်လည်း ပညာတတ်များ ပေါကြွယ်ဝသည့် ပြည် နယ်တစ်ခုဖြစ်သဖြင့် ပညာရည်မြှင့်တင်မှုနှင့်ပတ်သက်၍ ဆက်လက်အားပေး ဆောင်ရွက်သွားကြစေလိုကြောင်း။
- မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ယခင်ပုံမှန်ဆောင်ရွက်နေသည်များထက် ပိုမိုခွန်အားစိုက်ထုတ်လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံသုံးဆိပ်ကမ်း၌ MV ROYAL VENUS သင်္ဘောနှင့် Fortune သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ သဘာဝဘေးဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးရန်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၃)
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် စစ်တွေမြို့အတွင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့။
- မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ် ရာတွင် ထိခိုက်မှုအဆင့်အလိုက် သတ်မှတ်ထားသည့်အတိုင်း ထောက်ပံ့ပေးနိုင်ရေး စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ရန်လို။
- သဘာဝဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို လက်ရှိအချိန်တွင် တွေ့ရှိ။
- အဆောက်အဦများပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအဆောက်အဦများ ပြင် ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက် ချိန်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်လို။
- အများပြည်သူအခက်အခဲအကျပ်အတည်းများ တွေ့ကြုံနေရသည့်အချိန်တွင် တစ် ကိုယ်ကောင်းဆန်သည့်စိတ်ဓာတ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မြှင့်တင်ရောင်းချနေမှုများအပေါ်တွင် တာဝန်ရှိသူများက ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လို။
- မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်တည်ဆောက်ရေး လုပ် ငန်းများဆောင်ရွက်ပေးရာတွင် ယခင်ပုံမှန်ဆောင်ရွက်နေသည်များထက် ပိုမိုခွန် အားစိုက်ထုတ်လုပ်ဆောင်ကြရန်လို။
Add new comment