ဇန်နဝါရီလ ၁၈ ရက် ညပိုင်းတွင် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၄၀ ဦးခန့်သည် လက်နက်ငယ်များ၊ တူမီးသေနတ်များ ကိုင်ဆောင်လျက် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကုန်း(မြောက်)ကျေးရွာသို့ ရောက်ရှိလာပြီး အဆိုပါ ကျေးရွာနေ အရပ်သားပြည်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးအား ကျေးရွာ၏ သင်္ချိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားထင်ကျည်ဖောက်ထွက် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပါသည်။ ကျန်အမျိုးသား၁ ဦးသည် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ လည်ပင်းအား ဓားဖြင့် လှီးဖြတ်စဉ် ထွက်ပြေးခဲ့ရာ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ၎င်းတွင် ဝဲဘက်ညှပ်ရိုး ဖောက်ဝင်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မင်းကင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပါသည်။
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အေးချမ်းစွာနေထိုင်ကြသော အပြစ်မဲ့ပြည်သူများ၊ မိမိနှင့်အမြင်မတူသူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့ရက်စက်ယုတ်မာစွာ လုပ်ကြံနေမှုများကို ပြည်သူတစ်ရပ်လုံးက ကြောက်ရွံ့ရွံရှာမုန်းတီးလျက်ရှိပြီး ၎င်းအကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် လိုလားလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်မှာ ကျေးရွာတွင် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သော PDF အမည်ခံအကြမ်းဖက်အဖွဲ့အား နယ်မြေခံတပ်မတော်နှင့်ပူးပေါင်းကာ ပိတ်ဆို့စစ်ဆေးရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
- မင်းကင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား ဖမ်းဆီးခေါ်ဆောင် သွားပြီး သတ်ဖြတ်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့။
Add new comment