နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

    ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ဒီဇင် ဘာလ ၂၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင် (၁) ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားကို စတင်ကျင်းပကာ ခရစ္စမတ်မွေးနေ့အခမ်းအနားအား အဖွင့်မေတ္တာဖြင့် ဘုန်းတော်ကြီး စိုးလင်းအောင်က ဖွင့်လှစ်ပေးကာ ခရစ်ယာန်ဘာသာဝင်လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းခဲ့ကြပါသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ အဖွဲ့ဝင်များအားလုံး ခရစ္စမတ်ကာလတွင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝပါစေကြောင်းဖြင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင်

  • မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်းပြပေးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
  • မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်း စိတ်ထားဖြင့် တည်ဆောက်ခဲ့ ကြပါကြောင်း။
  • ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ် ကြိုဆိုလျက်ရှိပါကြောင်း။
  • ဘာသာသာသနာ၏ အဓိကအဆုံးအမမှာ သာယာဝပြောခြင်းဖြစ်သည့်အတွက် ငြိမ်းချမ်းခြင်းနှင့်အတူ တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း။
  • ၂၀၂၃ ခုနှစ်အတွက်ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး ဟူသည့် ကောင်းမြတ်သောအခွင့်အရေးများကို မိမိတို့ နိုင်ငံသားများအားလုံး ရရှိနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည့် ခရစ်ယာန်ဘာသာဝင်ဆရာတော်ကြီးများနှင့်ဆရာတော်များ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များ၊ ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများနှင့်အတူ တိတ်ဆိတ်ည သန့်ရှင်းည ကျူး ဓမ္မသီချင်းကို စုပေါင်းသံပြိုင်သီဆိုချီးမွမ်းခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအထိမ်းအမှတ် မိတ်သဟာယနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ခရစ်ယာန်ဘာသာဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၂-၂၀၂၃)

 

  • မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများ အတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်းပြပေးနေသည်ကို တွေ့ရမည်ဖြစ်။
  • ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ် ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ် ကြိုဆိုလျက်ရှိ။

 

 

Add new comment