ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော် ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-
- ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းခြေစောင့်တိုက်ရေယာဉ်နှစ်စင်း၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမမြောက်နှင့် အဋ္ဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်နှစ်စင်း၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ်တစ်စင်းတို့ တပ်တော်ဝင်အခမ်းအနားဖြစ်သည့်အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းလွန် ကင်းလှည့်ရေယာဉ်တစ်စင်း၊ ကမ်းခြေစောင့်တိုက်ရေယာဉ်နှစ်စင်း လွှဲပြောင်းပေးသည့်အခမ်းအနားဖြစ်သည့်အတွက် တပ်မတော်(ရေ)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ ပင်ဖြစ်ကြောင်း။
- တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
- ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊
- မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမည်ပင်ဖြစ်ကြောင်း၊
- တပ်မတော်(ရေ)၏ ရည်မှန်းချက်အဆင့်တိုင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်များ လိုအပ်သလို အဆိုပါစစ်ရေယာဉ်များကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ်စစ်သည်တော်များ ဖြစ်စေရေး အမြဲတမ်းလေ့ကျင့်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊
- ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ယခုရရှိခဲ့သည့် အတွေ့အကြုံနှင့် ကျွမ်းကျင်သည့်တည် ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင်ဖြစ်ပေါ် လာမည့် လွန်းကျင်းကြီးများနှင့် ရေယာဉ်တည်ဆောက်နိုင်မှု စွမ်းရည်များ ပေါင်းစပ်တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊
- စွမ်းအားကြီးမားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား (Naval Power) ရရှိရန် တစ်ခုတည်းသာမကဘဲ နိုင်ငံ၏ရေကြောင်း စွမ်းအား (National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည်ပင်ဖြစ်ကြောင်းပြောကြားခဲ့။
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က စစ်ရေယာဉ်များကို တပ်တော်ဝင်လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များက တပ်တော် ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်သော ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခြင်း၊ မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်သော တပ်တော်ဝင်ရေယာဉ်များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၂-၂၀၂၃)
- (၇၆) နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ်အဖြစ် ၃၃ မီတာ ကမ်းခြေစောင့် တိုက်ရေယာဉ်နှစ်စင်း၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမမြောက်နှင့် အဋ္ဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်နှစ်စင်း၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ်တစ်စင်းတို့ တပ်တော်ဝင်ခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ်တစ်စင်း၊ ကမ်းခြေစောင့်တိုက်ရေယာဉ်နှစ်စင်း လွှဲပြောင်းပေးအပ်ခဲ့။
- တပ်မတော်(ရေ)၏ ရည်မှန်းချက်အဆင့်တိုင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်များ လိုအပ်သလို အဆိုပါစစ်ရေယာဉ်များကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ် စစ်သည်တော် များဖြစ်စေရေး အမြဲတမ်းလေ့ကျင့်နေရန် လိုအပ်မည်ဖြစ်။
Add new comment