နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

      မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားကို St. Mary’s Cathedral (စိန့်မေရီကာသီဒြယ်) ကျောင်းတော်ကြီးတွင် စတင်ကျင်းပခဲ့ရာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက အဖွင့်ဆုတောင်းပြီး လက်ထောက်ဆရာတော် နိုဝယ်စောနောအေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ “ယေရှု ကြွလာတော်ကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ခရစ္စမတ်အမှာစကားပြောကြားရာတွင်-

  • မိမိတို့မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် အစိုးရအဆက်ဆက်တွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာ ယုံကြည်ခွင့်အား အသီးသီးသော ဘာသာဝင်များအားလုံး ရရှိ ခံစားကြရပါကြောင်း။
  • ဘာသာတိုင်းတွင် မေတ္တာကရုဏာ စာသားမပါ မဖြစ်ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့်  အရာတစ်ခုဖြစ်ပါကြောင်း။
  • လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များအားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင်မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံး ပြောဆိုကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် တေးသံရှင်များက ဂုဏ်တော်ချီးမွမ်းခြင်း၊ Rev.D, ဦးအေးမင်းက သမ္မာကျမ်းစာတော်မြတ်အတုန့်အပြန်ဖတ်ကြားခြင်း၊ သာသနာပိုင်ချုပ်ကြီးက အထူးဆုတောင်းခြင်း၊ ခရစ်စမတ်သံစုံအဖွဲ့မှ ခရစ်မတ်တေးသံသာဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဂိုဏ်းချုပ် ဆရာတော် ကြီးက ခရစ္စမတ်သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ဂိုဏ်းချုပ်ဆရာတော်ကြီး၊ သာသနာပိုင်ချုပ်ကြီးတို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင်များ အပြန်အလှန်ပေးအပ် ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယညစာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ခရစ်ယာန်သာသနာအဖွဲ့အစည်းများမှ ဆရာတော်ကြီးများ၊  ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၃)

 

  • ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသားသည် မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့်  အရာတစ်ခုဖြစ်။
  • လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များအားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင်မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်။

Add new comment