တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ဒီဇင်ဘာလ ၂၁ ရက်တွင် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည် ဆုတ်ခွာထွက်ပြေးသွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် မီတာ ၁,၁၀၀ ခန့် အကွာမှ လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (ခ) ရပ်ကွက် အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ အဆိုပါပေါက်ကွဲမှုကြောင့် အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။
PDF အကြမ်းဖက်သမားများသည် လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူပိုင်အိုးအိမ်များအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်သာမက အများပြည်သူ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန်နှင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိပါသည်။ ပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် မြို့ရွာအတွင်းသို့ လက်နက်ကြီးများအသုံးပြု တိုက်ခိုက်နေခြင်းသည် ပြည်သူများ၏ အသက်အိုးအိမ်ကို ပဓာဏမထားဘဲ ရက်စက်ယုတ်မာစွာ ဖျက်ဆီးနေခြင်းဖြစ်သဖြင့် အဆိုပါအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပါသည်။
ဖြစ်စဉ်အတွင်းမှ ထိခိုက်ဒဏ်ရာရရှိသူများသည် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၃)
- လောင်းလုံမြို့အတွင်းသို့ PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး၊ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာများရရှိခဲ့။
Add new comment