တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသော လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drone အသုံးပြု၍ Drop Bomb များအား ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးဒဏ်ရာများရရှိခဲ့ပါသည်။
၎င်းကလေးငယ်အား ကျောက်တံခါးမြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် အဆိုပါအကြမ်းဖက်မှုလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၃)
|
Add new comment