(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ (B) ရုံ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သာသနာရေးရာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက လူငယ်နှင့် စာပေအနုပညာတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရပင်ဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအရှိ တရားအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင်ဖြစ်ပါကြောင်း။
- အင်အားကြီးနိုင်ငံတစ်ချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်းတို့၏ ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် ကမောက်ကမဖြစ်အောင် လုပ်ကြံ ဖန်တီးမှုမျိုးစုံနှင့် သွေးထိုးမြှောက်ပင့်ပေးနေကြပါကြောင်း။
- လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေးအကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည်ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ဩဇာလောင်းရိပ်အောက် သွတ်သွင်းရန် ကြိုးစား နေကြပါကြောင်း။
- ယခုကဲ့သို့အခြေအနေတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်စွမ်းမရှိပါက ဖရိုဖရဲ ပြိုကွဲသွားနိုင်သကဲ့သို့ ၎င်းတို့အလိုကျ လိုသလိုပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း။
- ယခုကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်းဖြစ်ပါကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားမောင်မယ်များက အားကစားနည်းအလိုက် စွမ်းရည်ပြသခြင်း၊ မြဝတီတေးဂီတအဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများက တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ပြခန်းများ ခင်းကျင်းပြသထားမှုကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများနှင့် စာပေအနုပညာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၃)
- အင်အားကြီးနိုင်ငံတစ်ချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို၎င်းတို့၏ ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် ကမောက်ကမဖြစ်အောင် လုပ်ကြံ ဖန်တီးမှုမျိုးစုံနှင့် သွေးထိုးမြှောက်ပင့်ပေးနေကြ။
- လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေးအကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည်ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ဩဇာလောင်းရိပ်အောက် သွတ်သွင်းရန် ကြိုးစားနေ။
- နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိ။
Add new comment