ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးတို့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Francis Pio Smith နှင့်အဖွဲ့အား ဒီဇင်ဘာလ ၁၉ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့အကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည်ကြာစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် UNFPA ၏ မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်လူရွယ်ကဏ္ဍ၊ HIV နှင့် AIDS၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့် မိသားစုစီမံကိန်းအတွက် လိုအပ်ချက် များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အသိပညာနှင့် စွမ်းဆောင်ရည်တည်ဆောက်ရေး၊ လူဦးရေဆိုင်ရာလုပ်ငန်းအစီအစဉ်များ မြှင့်တင်ဆောင်ရွက်ပေးရေး၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တွေ့ဆုံရာတွင် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနယ်ပယ်များနှင့် UNFPA နှင့် မြန်မာနိုင်ငံအစိုးရတို့အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့ ညွှန်ကြားရေးမှူး Mr. Francis Pio Smith နှင့်အဖွဲ့တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့အကြား လက်ရှိဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လူဦးရေဆိုင်ရာလုပ်ငန်းအစီ အစဉ်များ မြှင့်တင်ဆောင်ရွက်ပေးရေး၊ UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနယ်ပယ်များအား ဆွေးနွေးခဲ့။
Add new comment