မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည် ဘူတာအကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးနေပြီး သံလမ်းများနေရာရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည်ကြား ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ထားခဲ့ရပါသည်။
အဆိုပါမိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီသွားရောက်ကာ နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းနှင့် မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းပျက်စီးမှုကို အချိန်နှင့်တစ်ပြေးညီ ပြန်လည် ပြုပြင်ပြီးစီးခဲ့သဖြင့် ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၄၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့်ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၃)
- ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြား ရထားလမ်းတံတားအနီး PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် အမှတ်(၅)အဆန် လူစီးအမြန်ရထားသည် မြစ်သားဘူတာ တွင် ရောက်ရှိရပ်တန့်ထားခဲ့ရပြီး ကြန့်ကြာမှုဖြစ်ပွားခဲ့။
- အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများ အား မိုင်းခွဲဖျက်ဆီးခြင်း (၄၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့။
Add new comment