ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့တက်ရောက်

      ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စိန့်ပီတာစဘတ်အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ၊ စိန့်ပီတာ စဘတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စိန့်ပီတာစဘတ်ကွန်ဗင်းရှင်းဗျူရို၊ ရော့စ်ကွန်ဂရက်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ဒီဇင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ ပူးပေါင်းစီစဉ်ကျင်းပသည့် စိန့်ပီတာစဘတ်နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့ တက် ရောက်ခဲ့ပါသည်။

ဒီဇင်ဘာလ ၁၃ ရက်၌ စိန့်ပီတာစဘတ် Business ဟိုတယ်တွင် Russia Friendly: Inbound Tourism in a multipolar world ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက ရုရှားနိုင်ငံနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအခြေ အနေများနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဒီဇင်ဘာလ ၁၄ ရက်တွင် Four Seasons Hotel ၌ ကျင်းပသည့် Plenary session တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြည်ဝင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုရလဒ်များနှင့် အနာဂတ်အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲနှင့် နိုင်ငံတော်ဦးစားပေးလုပ်ငန်းအစီအစဉ်များအရ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်သည့်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင်-

  • မြန်မာနိုင်ငံအနေဖြင့် ရေမြေတောတောင် သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး တစ်နှစ်ပတ်လုံးခရီးသွားလာနိုင်ကာ ခရီးသွားလုပ်ငန်းအမျိုးအစားပေါင်းစုံကို ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ တဖြည်းဖြည်းတိုးတက်ဝင်ရောက်လာလျက်ရှိပြီး ထိုင်း၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်ခဲ့ကြောင်း။
  • အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားကဲ့သို့ မိတ်ဖက်နိုင်ငံများမှ ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေး မျှော်မှန်းထားကြောင်း။
  • မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုများလည်းရှိကြောင်းနှင့် ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ပြည်ဝင်ဗီဇာဖြေလျော့ပေးမှုများ၊ ကြိုဆိုရေးအစီအစဉ်များနှင့် မြှင့်တင်ကြော်ငြာရေးကိစ္စရပ်များ ကို ဆောင်ရွက်လျက်ရှိကြောင်း။
  • နှစ်နိုင်ငံအစိုးရချင်း၊ ပုဂ္ဂလိကချင်းနီးကပ်စွာ လက်တွဲဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ခရီးသွားမြှင့်တင်ရေးဗီဒီယိုဖိုင်ကို ပြသခဲ့ပါသည်။

ဒီဇင်ဘာလ ၁၅ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ရုံး စမွန်နီခန်းမ (Smolny Hall) ၌ စိန့်ပီတာစဘတ် အစိုးရပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ မစ္စတာ ဗီချေစလပ်ကော်ဂါနော့ဗ် (Mr. Vyacheslav Kalganov)၊ စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဒုတိယဥက္ကဌ မစ္စ နာနာဂဗီချီယာ (Ms. Nana Gvichia) တို့ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ အကောင် အထည်ဖော်ဆောင်ရန်ကိစ္စရပ်များနှင့် မြန်မာ-ရုရှားနှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် အပြန်အလှန် လာရောက်လည်ပတ်မှုများ တိုးတက်လာစေရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း (၄၀) ကျော်မှ လူဦးရေ (၁,၀၀၀) ကျော် တက်ရောက်ခဲ့ကြကာ ကမ္ဘာအနှံ့က အောင်မြင်သည့် ခရီးသွားလုပ်ငန်းအလေ့အကျင့်ကောင်းများနှင့် အမျိုးသားစီမံကိန်းများနှင့်ပတ်သက်၍ အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် စိန့်ပီတာစဘတ်နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံနှင့် ခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့။
  • အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း (၄၀) ကျော်မှ လူဦးရေ (,၀၀၀) ကျော် တက်ရောက်ခဲ့ကြကာ ကမ္ဘာအနှံ့က အောင်မြင်သည့် ခရီးသွားလုပ်ငန်းအလေ့အကျင့်ကောင်းများနှင့် အမျိုးသားစီမံကိန်းများနှင့်ပတ်သက်၍ အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်။

Add new comment