ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

      ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ဒီဇင်ဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးသည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ကအတည်ပြုပေးရန်ဖြစ်ပါကြောင်း။
  • အတည်ပြုပြီးပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြ၍ အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ပါကြောင်း။
  • ဘဏ္ဍာငွေများကိုများစွာ လျာထားတောင်းခံထားပြီး မသုံးစွဲနိုင်သဖြင့် ပြန်လည်အပ်နှံခြင်းများ မဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ဘတ်ဂျက်တောင်းခံသုံးစွဲမှုများနှင့် စပ်လျဉ်းပြီး အလေးထားစစ်ဆေးကြပ်မတ်ရန်လိုအပ်ပါကြောင်း။
  • နိုင်ငံခြားသုံးငွေဖြင့်သုံးစွဲရမည့် အသုံးစရိတ်များအတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်ပြီး နိုင်ငံခြားငွေဖြင့်သာ မဖြစ်မနေပေးချေရမည့် အသုံးစရိတ်များ၊ ပြည်တွင်း၌ ဝယ်ယူ၍မရနိုင်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်း ရမည့် ပစ္စည်းများအတွက်လိုအပ်သည့် အသုံးစရိတ်များကိုသာ တောင်းခံရမည်ဖြစ်ပါကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ငွေဖြင့် အခွန်ဝေစုခွဲဝေပေးမှုများအပေါ် မှီခိုမနေဘဲ ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေကြိုးပမ်းဆောင်ရွက်ကြရန် အလေးထားပြောကြားလိုပါကြောင်း။
  • ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံတော်ကထပ်မံခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို သက်ဆိုင်ရာဒေသနှင့် ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် လုပ်ငန်းများအတွက် ထိရောက်စွာ သုံးစွဲကြစေလိုပါကြောင်း။
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြခဲ့ကြရာ တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ဘဏ္ဍာငွေများသုံးစွဲရာတွင် အမှန်တကယ် သုံးသင့်သုံးထိုက်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရန်လိုကြောင်း၊ နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်လိုကြောင်း။
  • အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် ပိုလျှံရန်ပုံငွေများကို တိုင်းပြည် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းသုံးငွေဖြင့်ဆောင်ရွက်၍ ရသည့် လုပ်ငန်းများအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း။
  • ဘဏ္ဍာငွေများသုံးစွဲရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာဖြင့် သုံးစွဲကြရန်လိုကြောင်း။
  • စက်သုံးဆီများ ပြည်ပမှတင်သွင်းခြင်းကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကဏ္ဍအနေ ဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုများကို အထူးစိစစ်ပြီး သုံးစွဲကြရန်လိုအပ်ကြောင်း။
  • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးထားမှာကြားလိုကြောင်း။
  • ယခုခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် နိုင်ငံတော်က ခွဲဝေချထားပေးသည့် အသုံးစရိတ်များကို အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်နှင့် အကျိုးရှိအောင်သုံးစွဲကြရန်မှာကြားပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း တို့တက် ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်ကထပ်မံခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို သက်ဆိုင်ရာဒေသနှင့် ပြည်သူများ၏လိုအပ်ချက်နှင့် ကိုက်ညီစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့်လုပ်ငန်းများအတွက် ထိရောက်စွာသုံးစွဲကြစေလို။
  • ဘဏ္ဍာငွေများသုံးစွဲရာတွင် အမှန်တကယ် သုံးသင့်သုံးထိုက်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရန်လို၊ နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင် အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်လို။
  • ဘဏ္ဍာငွေများသုံးစွဲရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာဖြင့် သုံးစွဲကြရန်လို။
  • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးထားမှာကြားလို။

Add new comment