ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-
- ယခု ၁၄ ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း။
- ယနေ့မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်မည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
- မြင့်မားသော လေကြောင်းစွမ်းအားကို ပိုင်ဆိုင်သည့် လေတပ်မတော်ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)မှ အရာရှိ/ စစ်သည်များအားလုံး အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း။
- တပ်မတော်(လေ)အနေဖြင့် ပြည်ပကျူးကျော်မှု၊ ပြည်တွင်းသောင်းကျန်းမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထုနှင့်အတူ လက်တွဲပြီး စွမ်းစွမ်းတမံတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း။
- တရားမဝင် NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်များ ကျူးလွန်ခဲ့ကြသည့်လုပ်ရပ်များသည် နိုင်ငံတကာက သတ်မှတ်ထားသည့် အကြမ်းဖက်မှုပုံစံများနှင့် ထပ်တူညီနေသည်ကို တွေ့ရှိရကြောင်း။
- နယ်မြေဒေသများတည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ လူနေမှုဘဝအေးချမ်းစွာရှိ နေရန်အတွက် တပ်မတော်ကလက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို တရားသောစစ်ပွဲများဆင်နွှဲလျက် ချေမှုန်းနှိမ်နင်းရာတွင် တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချကာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း။
- တပ်မတော်(လေ)အနေဖြင့် ဖြတ်သန်းလာသည့် (၇၆)နှစ်တာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးစသည့် ကဏ္ဍ အသီးသီးတွင် ကျရာနေရာမှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။
- တပ်မတော်(လေ)အနေဖြင့် ခေတ်သစ်စစ်ပွဲများအတွင်း နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ်တို့၏ အခန်းကဏ္ဍသည် ပဋိပက္ခများ၏ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ခိုင်ခိုင်မာမာယုံကြည်ထားသကဲ့သို့ ယခင်အတိတ်ကာလ အတွေ့အကြုံများမှ သင်ခန်းစာရယူပြီး အနာဂတ်ကာလအတွက် အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေသွားရမည်ဖြစ်ကြောင်း။
- Su-30 SME တိုက်လေယာဉ်များသည် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သည့်အတွက် ယခုကဲ့သို့တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာရောက်သကဲ့သို့ တပ်မတော်(လေ)၏ အနာဂတ်ရည်မှန်း ချက်ဖြစ်သည့် လေကြောင်းစွမ်းအားနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင်နိုင်သော မဟာဗျူဟာမြောက်စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန် ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ပုံစံငယ်ကို ဂါရဝပြုပေးအပ်ခဲ့ပါသည်။
ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၁ စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့်လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်ကာ လေယာဉ်ပြေးလမ်း၏ တောင်ဘက်မှတဆင့် ကွင်းအတွင်းသို့ ပြန်လည်ဆင်းသက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာလှည့်လည်ကြည့်ရှုကြပြီး အမှတ်ရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၂-၂၀၂၃)
- ၁၄ ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးသွားမည်ဖြစ်။
- တပ်မတော်က လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ချေမှုန်းနှိမ်နင်းရာတွင် တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချကာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရ။
- Su-30 SME တိုက်လေယာဉ်များ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာရောက်သကဲ့သို့ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လေကြောင်းစွမ်းအားနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင်နိုင်သော မဟာဗျူဟာမြောက်စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန် ခြေလှမ်းသစ်တစ်ရပ်ဖြစ်။
Add new comment