၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး တက်ရောက်ချီးမြှင့်

      ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ဆုရရှိသူများ၏ အတ္ထုပ္ပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ် များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ” စာပေဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “စာပေစွမ်းအားကလောင်အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင် ဆီ” မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ရာတွင်-

  • လူသားများအတွက် စာပေအသိအမြင်နှင့် ပညာဗဟုသုတများကို ပေးစွမ်းသည့် စာဆိုတော်ကြီးများ၏ဂုဏ်ရည်ကို ဖော်ထုတ်ပြသသည့်အနေဖြင့် နတ်တော်လရာသီတွင် စာဆိုတော်နေ့အခမ်းအနားများကို ကျင်းပကြခြင်းပင်ဖြစ်ပါကြောင်း။
  • စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စသည့် အနုပညာနယ်ပယ်များဖြာထွက်ရာ ပင်ရင်းနယ်ပယ်ကြီးဖြစ်သည့်အတွက် မြန်မာ့သမိုင်း၊ မြန်မာ့စိတ်ထားတို့ကို နိုင်ငံတကာသိအောင်ဖော်ပြနိုင်သည့် ဆက်သွယ်ရေးကြားခံတစ်ခုလည်း ဖြစ်ပါကြောင်း။
  • “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု”ကို ‘စာပေဗိမာန်ဆု’၊ ‘အနုပညာဆိုင်ရာစာပေဆု’၊ ‘အမျိုးသားစာပေဆု’ စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မည့် ဘာသာရပ်များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အထိ ဆိုပါက နှစ်ပေါင်း ၇၅ နှစ်စိန်ရတု ကာလတိုင်ခဲ့ပြီဖြစ်ပါကြောင်း။
  • ဘာသာရပ်များကိုလည်း တိုးမြှင့်သတ်မှတ်ပြီး ချီးမြှင့်လာခဲ့သည်မှာ အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုးနှင့် ‘စာပေဗိမာန်စာမူဆု’ တွင် ဘာသာရပ် ၁၃ မျိုးအထိ ဆုချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်မှစပြီး နှစ်စဉ်ချီးမြှင့် ပေးအပ်လျက်ရှိပါကြောင်း။
  • ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၇၅၄ အုပ်ထဲမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၁ မျိုးကို စိစစ်ရွေးချယ်ခဲ့နိုင်ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၇၇ ခုထဲမှ ဘာသာရပ် ၁၃ မျိုးစလုံးအတွက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၉ ခုကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။
  • ဆုရရှိကြသူများထဲတွင် နိုင်ငံသိစာရေးဆရာကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဝန်များ၊ တပ်မတော်သားများ၊ အငြိမ်းစားဝန်ထမ်းများပါဝင်ကြသကဲ့သို့ ဝါသနာကို အရင်းတည်ပြီး မွေ့လျော်ရာ စာပေနယ်ကို တိုးဝင်ရန် ကြိုးပမ်းလာကြသည့် စာပေဝါသနာ ရှင်များပါဝင်ကြသည်ကို တွေ့ရသည့်အတွက် လွန်စွာကျေနပ်အားရမိပါကြောင်း။
  • စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ပြီးစာပေမြင့်မှ လူမျိုးတင့်မည်ပင်ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ယဉ်ကျေးမှုအဆင့် အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း။
  • “ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့် သတိပေးဆိုရိုးစကား အတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှု မပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ကို အသိပေးပြောကြားလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်များက ဆုရရှိသူများအား ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး အမျိုးသားစာပေတစ်သက်တာဆုရှင်ဆရာကြီး ဒေါက်တာထွန်းတင့်(မြန်မာစာ)နှင့် ဆရာကြီး ဒေါက်တာသန်းဦး(ပြည်စိုးမင်း)တို့ကပေးပို့သည့် ကျေးဇူးတင်လွှာကို အခမ်းအနားမှူးက ဖတ်ကြားတင်ပြခဲ့ကြပါသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများ၏ စာပေဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခြင်းအား ကြည့်ရှုခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ ဆုရရှိသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာသုံးဆောင်ခြင်းများ ပြုလုပ်ခဲ့ ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၃)

 

  • လူသားများအတွက် စာပေအသိအမြင်နှင့် ပညာဗဟုသုတများကို ပေးစွမ်းသည့် စာဆိုတော်ကြီးများ၏ဂုဏ်ရည်ကို ဖော်ထုတ်ပြသသည့်အနေဖြင့် နတ်တော်လရာသီတွင် စာဆိုတော်နေ့အခမ်းအနားများကို ကျင်းပကြခြင်းပင်ဖြစ်။
  • စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စသည့် အနုပညာနယ်ပယ်များဖြာထွက်ရာ ပင်ရင်းနယ်ပယ်ကြီးဖြစ်သည့်အတွက် မြန်မာ့သမိုင်း၊ မြန်မာ့စိတ်ထားတို့ကို နိုင်ငံတကာသိအောင်ဖော်ပြနိုင်သည့် ဆက်သွယ်ရေးကြားခံတစ်ခု လည်းဖြစ်။
  • ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်မည်ဆိုသည့် သတိပေးဆိုရိုးစကားအတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှု မပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်သည်ကို အသိပေးပြောကြားလို။

Add new comment