ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်း-လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းပေါ်တွင်ရှိပြီး ချင်းတွင်းမြစ်ကိုဖြတ်သည့် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပါသည်။ တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉ ဒသမ ၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်း ကင်းလွတ်အမြင့် ပေ ၄၀ ရှိမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်အတွင်း ပြီးစီးရန် တည်ဆောက်လျက်ရှိပါသည်။
ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိ ပြည်သူများအတွက် အိန္ဒိယနိုင်ငံနယ်စပ်အထိ နှစ်နိုင်ငံကူးသန်းသွားလာမှုကို များစွာအထောက်အကူ ပြုသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့် တံတားကြီးတစ်စင်းဖြစ်သည့်အပြင် ဆွမ္မရာမြို့၊ ပန်ဆပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုမည်ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အဆိုပါချင်းတွင်းမြစ်ကူး တံတား(ထမံသီ)တည်ဆောက်နေမှုလုပ်ငန်းများကို ဒီဇင်ဘာလ ၁၂ ရက်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်/စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်အောင်တည်ဆောက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးတို့ကိုလည်း သတိပြုဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၃)
- ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ၂၀၂၅ ခုနှစ်အတွင်း ပြီးစီးရန် တည်ဆောက် လျက်ရှိပြီး အဆိုပါမြစ်ကူးတံတား တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိ ပြည်သူများအတွက် အိန္ဒိယနိုင်ငံနယ်စပ်အထိ နှစ်နိုင်ငံကူးသန်းသွားလာမှုကို များစွာအထောက်အကူပြုမည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့်ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုမည်ဖြစ်။
Add new comment