ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် အမှတ်(၆)အစုန် လူစီးအမြန်ရထား လမ်းချော်တိမ်းမှောက်

          ဒီဇင်ဘာလ ၁၃ ရက်တွင် ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆) အစုန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီးတို့၌ ရထားလမ်းအား အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက်ဆီးထားမှုကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်၊ တိမ်းမှောက် ဖြစ်ပွားခဲ့ပါသည်။

ရထားလမ်းချော်ကျမှုကြောင့် ကျောက်တံခါး-ပိန်းဇလုပ်အကြား ရထားလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရပြီး အခြားရထားများလည်း ရပ်တန့်ခဲ့ရကာ ရထားစီးခရီးသည်များ လမ်းခရီး၌ ကြန့်ကြာမှု အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့်တပြေးညီ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက မိုင်းပေါက်ကွဲမှုကြောင့် ပြတ်တောက်ပျက်စီးသွားသော ရထားသံလမ်းအား အမြန်ဆုံးအချိန်နှင့် တပြေးညီ ပြန်လည်မွမ်းမံပြုပြင်လျက်ရှိပြီး ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့မီးရထားတာဝန်ရှိသူများက ရထားလမ်းချော်ကျမှုဖြစ်ပွားသည့် အမှတ်(၆) အစုန်ရထားမှ ကျန်ရှိသည့်ခရီးသည်များအတွက် နေ့လည်စာထမင်းဘူးများ ဝေငှဖြည့်ဆည်းပေးခြင်းနှင့် သောက်ရေ/သုံးရေများ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်ဘက်သို့ ဆက်လက်လိုက်ပါမည့် ခရီးသည်များအား မော်တော်ယာဉ်များဖြင့် ရွှေ့ပြောင်းပေးခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်/မိုင်းခွဲ ဖျက်ဆီးခြင်း(၁၂၉)ကြိမ်၊ ရထား လမ်းများပေါ်ရှိ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းများနှင့် ရထားတွဲများ၊ ကုန်စည်များထိခိုက်ပျက်စီးစေရေး၊ ခရီးသွားပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊ ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမို ကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာ ပက်စက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၃)

 

  • ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် အမှတ်(၆)အစုန် လူစီးအမြန်ရထား လမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး အခြားရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက် မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်/မိုင်းခွဲ ဖျက်ဆီးခြင်း (၁၂၉)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ်ကျူးလွန်ခဲ့။

Add new comment