မြန်မာ့တပ်မတော်သားများအနေဖြင့် တပ်မတော်လက်အောက်က ထွက်ခွာကြရန် အရှေ့တီမောနိုင်ငံ၏သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဗီဒီယိုမိန့်ခွန်းဖြင့် တိုက်တွန်းခြင်းအပေါ် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များက လက်မခံပါကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။
တုံပြန်ချက်
အရှေ့တီမောသမ္မတ၏ မြန်မာ့အရေးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာသိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမောသမ္မတ၏ မြန်မာ့အရေးစွက်ဖက်မှုနှင့်ပတ်သက်၍ လက်မခံကြောင်း နိုင်ငံရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တပ်မတော်သားများကို တိုက်တွန်းသည်ဟုဆိုကာ အရှေ့တီမောနိုင်ငံ၏သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက အထက်ပါအတိုင်း မြန်မာ့အရေးကိုလေ့လာရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကလည်း လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအကြောင်းကို ပြောချင်ရင် မြန်မာနိုင်ငံရဲ့သမိုင်းကို အရင်ဆုံးသိအောင်လုပ်ပါလို့ ပြောချင်ပါတယ်။ သမိုင်းကြောင်းကိုမသိဘဲ ဝေဖန်တယ်ဆိုရင် ဒါကဝေဖန်တာနဲ့မတူဘဲ တစ်ခါတစ်ရံကျတော့ လေကန်တာမျိုး ဖြစ်သွားတတ်တယ်။ လေကန်တယ်ဆိုတာမျိုးက အထောက်အထားပြုရမယ့်အရာတွေ၊ ကိုးကားရမယ့်အရာတွေမသိဘဲနဲ့ ပြောတာမျိုးကို လေကန်တယ်လို့ ပြောကြားတာပေါ့” ဟု အထက်ပါနိုင်ငံရေးသုံးသပ်လေ့လာသူကဆိုသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်းက နှစ်ခါမက သုံးခါအထိ မဲပေးခွင့်ရခဲ့သူများပင်ရှိခဲ့ကာ ထိုသို့ဖြစ်စဉ်မျိုးသည် အောက်ခြေကပင်ဖြစ်သည်ဖြစ်စေ ခေါင်းဆောင်ကသာဖြေရှင်းရပြီး အဆိုပါဖြစ်စဉ်မျိုးကို တီမောသမ္မတအနေဖြင့် သိရှိနားလည်ထားမည်ဟု မထင်ကြောင်း ၎င်းကဆိုသည်။
“တစ်ခုလောက်မေးစမ်းပါရစေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာထိန်းပြီးကတည်းက ဒီနေ့အထိသံရုံးတွေတံခါးပိတ်ပြီး မြန်မာနိုင်ငံကပြန်သွားတာ ဘယ်နှနိုင်ငံရှိပါသလဲခင်ဗျာ။ တီမောသမ္မတကြီးခင်ဗျာ။ မြန်မာနိုင်ငံသံရုံးတွေကို ဘယ်နိုင်ငံကတံခါးပိတ်ပြီး မင်းတို့ ပြန်တော့လို့ ပြောတာရှိပါသလဲခင်ဗျာ။ တပ်မတော်ကိုခွဲတာက တိုင်းပြည်ကို ဖြိုခွဲတာနဲ့အတူတူ ဖြစ်ပါတယ်။ မြောက်ဗီယက်နမ်၊ တောင်ဗီယက်နမ်ကွဲသွားခဲ့ဖူးပါတယ်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယားကွဲသွားခဲ့ပါတယ်။ ဗီယက်နမ်ကပေါင်းပေမယ့် ကိုရီးယားက တော့ကွဲမြဲပါ။ ဒီလိုမျိုးတွေမဖြစ်ဖို့ ဝိုင်းဝန်းထိန်းသိမ်းပြီး ဘိုးဘွားအစဉ်အဆက်တည်ရှိတဲ့ နယ်နိမိတ်တွေကဆက်တည်ရှိပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘဲ ဖေးမကူညီခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်” ဟု အထက်ပါသုံးသပ်လေ့လာသူက ဆို သည်။
တီမောနိုင်ငံအနေဖြင့် နိုင်ငံငယ်သာဖြစ်ပြီး အနောက်အုပ်စုနိုင်ငံမှ ပိုက်ဆံရရှိရန်အတွက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ပြောနေခြင်းသာဖြစ်ကာ တီမောသမ္မတကပြောသည့်အတွက် တပ်မတော်သည် ပြိုကွဲသွားမည်မဟုတ်၊ ရှုံးသွားမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံအရေး သုံးသပ်လေ့လာသူတစ်ဦးဖြစ်သည့် ဦးဘိုဘိုကျော်ငြိမ်းကဆိုသည်။
“ကျွန်တော်ကတော့ တီမောသမ္မတပြောလည်း သူပြောနေတာ အလကားသက်သက်ပဲ။ ဘာမှမဖြစ်ဘူး။ တီမောသမ္မတကဘာပြောလို့ ညာပြောလို့ဆိုတာ စိတ်မပူပါဘူး။ လေကုန်တာပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။
တီမောသမ္မတ၏ပြောကြားချက်သည် နိုင်ငံရေးမျက်နှာစာတွင် ထင်ပေါ်စေရန်အတွက် လုပ်ဆောင်ခြင်းဟုသာ ရှုမြင်မိကြောင်းနှင့် တီမောသမ္မတပြောကြားချက်ကို ငြင်းဆိုလိုကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌဦးတင်ဆွေက သုံးသပ်ပြောကြားသည်။
“သူတို့ကိုယ်သူတို့ Role တင်တယ်လို့ ကျွန်တော်ကတော့မြင်တယ်။ စွက်ဖက်တာကတော့ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း စွက်ဖက်နေတာပဲ။ ပြောချင်တာက ကျွန်တော်တို့ကဖွဲ့စည်းပုံအတိုင်းသွားနေတာကို ဘယ်နိုင်ငံကမှ Mother law ကိုစွက်ဖက်လို့မရဘူး” ဟု ၎င်းကဆိုသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၃)
- မြန်မာ့တပ်မတော်သားများအနေဖြင့် တပ်မတော်လက်အောက်က ထွက်ခွာကြရန် အရှေ့တီမောနိုင်ငံ၏သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဗီဒီယိုမိန့်ခွန်းဖြင့် တိုက်တွန်းခြင်းအပေါ် နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များက လက်မခံပါကြောင်း တုံ့ပြန်ပြောကြားခဲ့။
- တီမောနိုင်ငံအနေဖြင့် နိုင်ငံငယ်သာဖြစ်ပြီး အနောက်အုပ်စုနိုင်ငံမှ ပိုက်ဆံရရှိရန်အတွက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ပြောနေခြင်းသာဖြစ်ကာ တီမောသမ္မတကပြောသည့်အတွက် တပ်မတော်သည် ပြိုကွဲသွားမည်မဟုတ်၊ ရှုံးသွားမည်မဟုတ်။
- တီမောသမ္မတ၏ပြောကြားချက်သည် နိုင်ငံရေးမျက်နှာစာတွင် ထင်ပေါ်စေရန်အတွက် လုပ်ဆောင်ခြင်းဟုသာ ရှုမြင်မိ။
Add new comment