နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကော်ဖီလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများနှင့် ဒေသထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • စားနပ်ရိက္ခာများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုအပ်မှုများရှိပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊
  • မိမိတို့အစိုးရအဖွဲ့ တာဝန်ယူသည့်အချိန်တွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊
  • ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
  • ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်သည့်ကော်ဖီများကို ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊
  • ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ကော်ဖီသည် ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်မြို့ကို အပန်းဖြေဒေသအဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော်စသည်ဖြင့် နာမည်ခေါ်တွင်ကြသကဲ့သို့ စီးပွားရေးနှင့် ဂုဏ်ယူသင့်သည့် ဒေသထွက်ကုန်အရ ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊
  • ကော်ဖီထုတ်ကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ထုပ်ပိုးမှုကောင်းမွန်မှသာလျင် ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က-

  • အဆောက်အဦများဆောက်လုပ်ရာတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သည့် အဆောက်အဦများကိုသာ ဆောက်လုပ်ရန်လိုပြီး အပန်းဖြေစခန်းနှင့် ကော်ဖီစိုက်ပျိုးခြင်းနှင့် မသက်ဆိုင်သည့် အဆောက်အဦးများဆောက်လုပ်ခြင်း မပြုရန်လိုကြောင်း၊
  • ကော်ဖီများ အထွက်နှုန်းတိုးတက်စေရေး သွင်းအားစုများ အပြည့်အဝ ထည့်သွင်းရန်နှင့် စနစ်တကျပြုစုဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီပင်စည်ထိုးပိုးများ ကျရောက်မှုမရှိစေရန်အတွက် စုပေါင်းအားဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊
  • ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ အမှန်တကယ်စိုက်ပျိုးနိုင်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကြောင်း၊ စိုက်ပျိုးမှုအပေါ် မူတည်၍ ၅ ဧကမှ ဧက ၅၀ အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း   ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့။

အခမ်းအနားသို့ တက်ရောက်လာကြသူများက လိုအပ်ချက်များ အသီးသီးတင်ပြဆွေးနွေးခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင်-

  • ယနေ့တွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသ၌ ကော်ဖီစိုက်ပျိုးမှုများ အောင်မြင်တိုးတက် ဖြစ်ထွန်းစေရေးအတွက်ပင်ဖြစ်ပြီး ကော်ဖီလုပ်ငန်းကို ထိခိုက်စေနိုင်မည့် ရောဂါပိုးအန္တရာယ်ကျရောက်မှုများအပါအဝင် အခြားသော စုပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်ဖီသည် နှစ်ရှည်သီးနှံပင်အတွင်း၌ ပါဝင်သည့်အတွက် မျိုးကောင်းမျိုးသန့်များဖြစ်ရန် လိုအပ်ကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင် အောင် လုပ်ဆောင်ရမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များကိုလည်း အမြဲမပြတ် လေ့လာနေရန်လိုကြောင်း၊
  • MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ကုန်များအရည်အသွေးမြှင့်တင်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အိမ်တွင်းစက်မှုလုပ်ငန်း အဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များ ဖြစ်စေရေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အရည် အသွေးမြှင့်တင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ် ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၂-၂၀၂၃)

 

  • စားနပ်ရိက္ခာများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုအပ်မှုများရှိပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လို။
  • ကော်ဖီသည် ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်မြို့ကို အပန်းဖြေဒေသအဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော်စသည်ဖြင့် နာမည်ခေါ်တွင်ကြသကဲ့သို့ စီးပွားရေးနှင့်ဂုဏ်ယူသင့်သည့် ဒေသထွက်ကုန်အရ ကော်ဖီမြို့တော်အဖြစ် နာမည်တွင် နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လို။
  • ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ အမှန်တကယ် စိုက်ပျိုးနိုင်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကြောင်း၊ စိုက်ပျိုးမှုအပေါ်မူတည်၍ ၅ ဧက မှ ဧက ၅၀ အထိ ခွင့်ပြုပေးသွားမည်ဖြစ်။
  • MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ကုန်များ အရည်အသွေးမြှင့်တင်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များ ဖြစ်စေရေးဆောင်ရွက်ရန်လို။

Add new comment