တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာအတွင်းသို့ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါကျေးရွာအနီး မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိ သလို တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်စုံတစ်ရာဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် တပ်မတော်ဘက်က လှုပ်ရှားမှုမရှိကြောင်းနှင့် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များကသာ ရံဖန်ရံခါဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်းနှင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ၊ ၎င်းတို့၏ တောင်းဆိုမှုများမရရှိပါက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရှိရ။
- ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများက သတင်းများရေးသားဖော်ပြထားမှု အပေါ် မှတ်ချက်ရေး၊ မျှဝေခြင်းများ ပြုလုပ်သူများကို ဖမ်းဆီးအရေးယူမည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားဟူသည့်သတင်းသည် မဟုတ်မမှန်ရေးသား ဖြန့်ဝေထားသည့် သတင်းသာဖြစ်ပြီး အဆိုပါသတင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- ဆေးပင်စင်ယူထားသည့် တပ်မတော်သား ၅၀ ဦးထက်မနည်းကို တိုက်ပွဲဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် တပ်မှပြန်လည်ခေါ်ဆောင်ဟူသည့်သတင်းမှာ သတင်းအတု၊ သတင်းအမှားသာဖြစ်ပြီး မြေပြင်သတင်းအရ တပ်မတော်မှ ခေါ်ဆောင်သွားခြင်းမရှိကြောင်း သိရှိရ။
နိုင်ငံ့တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာထမ်းရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်း များနှင့် အေးချမ်းစွာနေထိုင်လိုသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ စိုးရိမ်ထိတ်လန့်စေရန်နှင့် မြေပြင်ဖြစ်စဉ် သတင်းမှန် များကို ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် သတင်းအဆိပ်ခတ်ဝါဒဖြန့်နေခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၃)
|
Add new comment