ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

        မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ပထမနေ့ကို ဒီဇင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပရာ ပညာရှင်များဝိုင်းဖွဲ့ဆွေးနွေးပွဲ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးသည့်အစီအစဉ်တွင် မျိုးဆက်ပွား၊ မိခင်နှင့် မွေးကင်းစကလေးသူငယ်၊ ပျိုရွယ်သူနှင့် သက်ကြီးရွယ်အိုကျန်းမာရေးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ Dr.Chandra Mouli, Previously with Department of Sexual & Reproductive Health & Research က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

နံနက်ပိုင်းတွင် မိခင်နှင့်ကလေး ကျန်းမာရေးကဏ္ဍ၊ မကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ် ကျရောက်စဉ်ကာလတွင် ကျန်းမာရေးကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးကဏ္ဍဟူ၍ အခန်း ၃ ခန်းခွဲ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင် Digital Transformation in health information and health care ခေါင်းစဉ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်သင်ကြားရေး၊ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးနှင့် ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကင်းစင်ရေးနှင့်ပတ်သက်၍ အခန်း ၄ ခန်းခွဲ၍ လည်းကောင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ရုရှား၊ ဆွစ်ဇာလန်အစရှိသည့် နိုင်ငံများမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁၁ ဦးနှင့် ပြည်တွင်းမှပညာရှင် ၂၆ ဦးက စာတမ်း ၃၇ စောင် ဟောပြောဆွေးနွေးခဲ့ပြီး ပြခန်း ၄၀ တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဌာန ဆိုင်ရာအသီးသီးမှ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသ၍ ပညာရပ်ဆိုင်ရာ စာတမ်းပိုစတာ ၂၇ စောင် တင်သွင်းခဲ့ကာ ပြည်တွင်း၊ ပြည်ပမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁,၈၀၀ ခန့်တက် ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာဖလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၃)

 

  • နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ရုရှား၊ ဆွစ်ဇာလန်အစရှိသည့် နိုင်ငံများမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁၁ ဦးနှင့် ပြည်တွင်းမှပညာရှင် ၂၆ ဦးက စာတမ်း ၃၇ စောင် ဟောပြောဆွေးနွေးခဲ့။

Add new comment