နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

       မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါသည်။

  • ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ “ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)” တွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁,၈၀၀ ကျော်နှင့် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၃၀ တို့က လူကိုယ်တိုင်နှင့် Online တို့မှ တက်ရောက်ဆွေးနွေးကြမည်ဟု သိရပါကြောင်း။
  • ယခုပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကိုလည်း “Improving the longevity and health of the nation” “လူတိုင်း သက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။
  • ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း ပိုမိုမြင့်မားလာရန်၊ လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန် ရည်ရွယ်ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းသည် အဓိကကျပါကြောင်း။
  • မိမိတို့နိုင်ငံတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် မိခင်သေဆုံးမှုနှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၅၃ ဒသမ ၂ ရာခိုင်နှုန်း အထိကျဆင်းခဲ့သည်ဟု သိရပါကြောင်း။
  • မွေးကင်းစကလေးသေဆုံးနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တီဘီရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅ ခုနှစ် ရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည့်အတွက် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် တီဘီရောဂါအဆုံးသတ်နိုင်ရေးမှတ်တိုင် (End TB milestone) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု သိရှိရပါကြောင်း။
  • HIV/AIDS နှင့်ငှက်ဖျားရောဂါများဖြစ်ပွားမှု၊ သေဆုံးမှုကိုလည်း သိသိသာသာ လျှော့ချနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ရရှိခဲ့သည့်အောင်မြင်မှုများကို မိမိအနေဖြင့် အထူးပင်အသိအမှတ်ပြုပါကြောင်း။
  • နိုင်ငံတော်ကလည်း အခြေခံကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ စံကိုက်ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများအဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများ ထည့်သွင်းဆောက်လုပ်ပေးခြင်းနှင့် မရှိမဖြစ်အခြေခံဆေးနှင့် ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
  • ကျန်းမာရေးဝန်ထမ်းများ တာဝန်ကျရာနေရာတွင် အဆင်ပြေစွာ နေထိုင်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဝန်ထမ်းအိမ်ရာများကို တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိသည့်အပြင် ဘွဲ့လွန်ရရှိထားသည့် ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေး ဝန်ထမ်းများကို ပညာရှင်ဘွဲ့ ချီးမြှင့်ငွေများ လစဉ်ချီးမြှင့်နေသကဲ့သို့ ခံစားခွင့်များကိုလည်း တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်းနှင့် ကျန်းမာရေးလုံခြုံမှု လိုအပ်သည့်ဝန်ထမ်းများအတွက်လည်း Risk Allowance လစဉ် ချီးမြှင့်ငွေများကိုလည်း ပေးအပ်လျက်ရှိပါကြောင်း။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဦးတည်ချက်များ အောင်မြင်ရန်အတွက် ယခုကျင်းပသည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အားလုံးက ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါ သည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအောင်မြင်မှုများမှတ်တမ်း (Video Clip) ကို ပြသပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက “မြှင့်တင်အားပေး ပြည်သူ့ကျန်းမာရေး” ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မျိုးဆက်ပွားမိခင်နှင့် ကလေးကျန်းမာရေးဌာနခွဲပြခန်း၊ သက်ကြီးရွယ်အိုကျန်းမာရေးအာဟာရနှင့် ကျောင်းကျန်းမာရေးဌာနခွဲပြခန်း၊ လုပ်ငန်းခွင်နှင့် ကျန်းမာရေးသတင်းအချက်အလက်ဌာနခွဲပြခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနပြခန်းစသည့် ပြခန်းအသီးသီးအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ အကြံပြုပြော ကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး စဉ်ဆက်မပြတ်အားပေး ဆောင်ရွက်လျက်ရှိ။
  • ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း ပိုမိုမြင့်မားလာရန်၊ လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန် ရည်ရွယ်ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းသည် အဓိကကျ။
  • နိုင်ငံတော်ကလည်း အခြေခံကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ စံကိုက်ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများအဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများ ထည့်သွင်းဆောက်လုပ်ပေး ခြင်းနှင့် မရှိမဖြစ်အခြေခံ ဆေးနှင့် ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိ။

Add new comment