နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

       ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကို ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

  • စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိုးရာသီစိုက်ပျိုးမှုများပြီးဆုံး၍ အချို့မှာ ရိတ်သိမ်းမှုများဆောင်ရွက်နေပြီဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်လုပ်ခဲ့သည့် အကျိုးကျေးဇူးအဖြစ် သီးနှံထွက်ရှိမှုများ တိုးတက်ခဲ့သော်လည်း ပန်းတိုင်/ရည်မှန်းချက်ပြည့်မီအောင် ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း။
  • ကော်ဖီစိုက်ပျိုးမှုများကို သတ်မှတ်ထားသည့်အတိုင်း တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက လာမည့် ၅ နှစ်တာကာလအတွင်း ကော်ဖီထုတ်လုပ်မှုများကို တိုးတက်အောင်ဆေင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စိုက်ပျိုး ဧက ၁.၆  သန်း ကျော်ရှိကြောင်း၊ ရာဘာထုတ်ကုန်သည်လည်း သေချာသည့် ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့်ရှိသည့် ကုန်ကြမ်းများကို ထုတ်လုပ်နိုင်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ရာဘာစိုက်ပျိုးရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း။
  • မိမိတို့နိုင်ငံ၏ဘဏ်များ၌ ငွေကြေးပိုင်ဆိုင်မှုစာရင်းများအရ ပုဂ္ဂလိကပိုင်ဆိုင်မှု များပြားကြောင်း၊ ၎င်းပိုင်ဆိုင်မှုများကို နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိပြီး ရေရှည်အာမခံချက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါက လုပ်ငန်းရှင်၊ အလုပ်သမား၊ နိုင်ငံတော် နှင့် ပြည်သူအတွက် အကျိုးများစွာရှိကြောင်း။
  • ပြီးခဲ့သည့် ကာလများအတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန်ရရှိမှုများ တိုးတက်လာကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ငွေများကိုမူတည်၍ အသုံးပြုရခြင်းဖြစ်သည့်အတွက် အခွန်အခများရရှိရေး လိုအပ်ကြောင်း၊
  • အခွန်အခများကောက်ယူရာတွင် အခွန်အားတိုးမြှင့်ကောက်ခံခြင်း (Tax rate တိုးမြှင့်ခြင်း) မပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိအောင်ကောက်ခံခြင်း (Tax Space တိုးချဲ့ခြင်း) များကို ပြုလုပ်ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း။
  • နိုင်ငံခြားငွေနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်စေရန်နှင့် ဘဏ်စနစ်ကို ထိခိုက်စေရန်အတွက် မိမိတို့နိုင်ငံအပေါ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားငွေရရှိရေး ပြည်ပသို့ ပို့ကုန် (Export) တိုးမြှင့်နိုင်ရန်လိုကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ ဝင်ငွေအပေါ် သင့်လျော်သည့် အချိုးများဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သောကြောင့် ပြည်တွင်း၌ စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းများကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း။
  • သို့သော် မသမာသူများက စားသုံးဆီဈေးများကြီးမြင့်အောင် ဆောင်ရွက်ခဲ့မှု ကြောင့် ပြည်သူများအတွက် ထိခိုက်မှုများရှိခဲ့ရာ မသမာသူများအား ဥပဒေနှင့် အညီထိရောက်သည့် ပြစ်ဒဏ်များချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
  • ကုန်ထုတ်လုပ်မှုအားနည်းချက်မှာ သွင်းအားစုများဈေးကြီးမြင့်ခြင်းကြောင့်ဟု အချို့က သုံးသပ်ကြသော်လည်း အဓိကအားဖြင့် အကျိုးအမြတ်ရရှိမှုအပေါ် မူတည်၍ ကုန်ထုတ်လုပ်ငန်းအပေါ် စိတ်ဝင်စားမှုအားနည်းသည်ကို တွေ့ရကြောင်း။
  • အကျိုးအမြတ် နည်းသော်လည်း များများထုတ်လုပ်၊ များများလည်ပတ်နိုင်ပါက အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအခါစိုက်ပျိုးမွေးမြူရေးအတွက် အဓိကသွင်းကုန်ဖြစ်သည့် ဓာတ်မြေဩဇာနှင့် အခြားလိုအပ်ချက်များလွယ်ကူစွာ တင်သွင်းနိုင်ရေး ရာဘာလုပ်ငန်းရှင်များအား ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်း ကို သုံးစွဲခွင့်ပေးထားကြောင်း။
  • စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသအလိုက်ထုတ်ကုန်များ တူညီမှုရှိမည်မဟုတ်သဖြင့် ဒေသနှင့်သင့်လျော်ကိုက်ညီသည့် ထုတ်ကုန်များအောင်မြင်စွာ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
  • သဘာဝထွက်ကုန်များဖြစ်သည့် သစ်၊ ဝါး၊ ကြိမ်နှင့် အခြားပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကိုလည်း အားပေးကြရန်လိုပြီး ပြည်တွင်း၌သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
  • MSME လုပ်ငန်းများကိုဆောင်ရွက်ရာ၌ One Region One Product ဖြစ်ရန်လိုပြီး ဒေသတွင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိ ထိုးဖောက်နိုင်သည် အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
  • အခြေခံပညာနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်သည့် နယ်မြေများမှလွဲ၍ ကျန်နယ်မြေများတွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်လျက်ရှိပြီး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြားနိုင်ရေး ဆရာ၊ ဆရာမများအပြင် သက်ဆိုင်ရာတာဝန်ရှိသူများက အုပ်ချုပ်ရေးပိုင်း၊ လုံခြုံရေး ပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊
  • အခက်အခဲများကြားမှ သင်ကြားရေးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးကို ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း မိမိအနေဖြင့် ချီးကျူးအသိအမှတ်ပြုပါကြောင်း။
  • ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် တပ်မတော်အစိုးရလက်ထက်မှ ယခုတိုင်အောင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရခိုင်ပြည်နယ်သည် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
  • ထိုကဲ့သို့သော တိုးတက်နေသည့်အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်မှာ ဒေသတွင်း၌ရှိသည့် AA လက်နက်ကိုင်အဖွဲ့အစည်းသာ လျင်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အနေဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိကြောင်း။
  • ထိုကဲ့သို့ဒေသတွင်း၌ ပဋိပက္ခများဖြစ်ပေါ်နေခြင်း၏ ဆိုးကျိုးကို ဒေသခံများက သာခံစားရမည်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အဦးများ၊ ရှေးဟောင်းအမွေအနှစ်များသည် အဖျက်အမှောင့် လုပ်ရပ်များကြောင့် တစ်ခဏတာအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့်အချိန်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရကြောင်း၊
  • အလားတူ ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အကြမ်းဖက်အဖွဲ့များကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အခြေအနေများ ပြန်လည်တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၎င်းတို့၏ ချွေး နည်းစာဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း။
  • KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း။
  • လက်နက်ကိုင်အဖွဲ့များအနေဖြင့်ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်သောကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဖြစ်ကြောင်း။
  • မိမိတို့လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲ၍ရမည် မဟုတ်ကြောင်း။
  • ဒို့တာဝန်အရေးသုံးပါးဖြစ်သည့်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးအရလည်း ထိခိုက်မှုရှိပြီး ခရီးသွားလုပ်ငန်း၌ များစွာထိခိုက်နစ်နာမှုရှိကြောင်း၊ နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှသာလျင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက် မှာကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၂-၂၀၂၃)

 

  • အခွန်အခများကောက်ယူရာတွင် အခွန်အားတိုးမြှင့်ကောက်ခံခြင်း (Tax rate တိုးမြှင့်ခြင်း) မပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိအောင်ကောက်ခံခြင်း (Tax Space တိုးချဲ့ခြင်း) များကို ပြုလုပ်ကြပ်မတ်ဆောင်ရွက် ကြရန်လို။
  • မသမာသူများက စားသုံးဆီဈေးများကြီးမြင့်အောင် ဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူများအတွက် ထိခိုက်မှုများရှိခဲ့ရာ မသမာသူများအား ဥပဒေနှင့် အညီထိရောက်သည့် ပြစ်ဒဏ်များချမှတ်ဆောင်ရွက်ခဲ့။
  • MSME လုပ်ငန်းများကိုဆောင်ရွက်ရာ၌ One Region One Product ဖြစ်ရန်လိုပြီး ဒေသတွင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိ ထိုးဖောက်နိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လို။
  • အခက်အခဲများကြားမှ သင်ကြားရေးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးကို ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း မိမိအနေဖြင့် ချီးကျူးအသိအမှတ်ပြု။
  • ရခိုင်ပြည်နယ် တိုးတက်နေသည့်အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်မှာ ဒေသတွင်း၌ရှိသည့် AA လက်နက်ကိုင်အဖွဲ့အစည်းသာလျှင်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အနေဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိ။
  • KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း။
  • လက်နက်ကိုင်အဖွဲ့များအနေဖြင့်ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်သောကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့်ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဖြစ်ကြောင်း။
  • မိမိတို့လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါဝင်ပြီးဖြစ် ပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲ၍ရမည်မဟုတ်။

Add new comment