နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

       ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပခဲ့ရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်အနေဖြင့် “United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ပင်ဖြစ်ကြောင်း။
  • မသန်စွမ်းသူ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့စွမ်းဆောင်ရည်ရှိသလောက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်စေရေးအတွက် အားလုံးအကျုံးဝင်ပညာရေး Inclusive Education ပေါ်ပေါက်လာစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာသင်ကြားနိုင်ရေး၊ ဘဝသက်တမ်းတစ်လျှောက် သင်ယူလေ့လာနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒရှိ၊ စွမ်းဆောင်ရည်ရှိကြသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်ကြသည့်အတွက် အလုပ်ရရှိရန်၊ အလုပ်လုပ်ကိုင်နိုင်ရန် အခက်အခဲရှိသူများဖြစ်ကြသည်ကို လေ့လာသိရှိရပါကြောင်း။
  • မသန်စွမ်းသူများအနေဖြင့် သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတားအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများနှင့် တန်းတူကိုယ်ပိုင်ဝင်ငွေနှင့် ခံစားခွင့်များရရှိရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ကိုယ်တိုင်အလုပ်လုပ်လိုစိတ် ဖြစ်ပေါ်လာစေ ရေးအတွက် မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် အရည်အသွေးကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။
  • အများပြည်သူသုံးယာဉ်များကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေးဆောင်ရွက်ခြင်း၊ အများပြည်သူနှင့်ဆိုင်သည့်နေရာ၊ အဆောက်အဦများကို အတားအဆီးကင်းမဲ့စွာ သွားလာနိုင်စေရေး Barrier Free ဖြစ်စေရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်းတို့နှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများ နည်းတူသွားလာနေထိုင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့၏ ဦးတည်ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့”နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals ရရှိစေရေး ဦးတည် ဆောင်ရွက်ကြရာတွင် မသန်စွမ်းမှုကို အကြောင်းပြုပြီး ချန်လှပ်ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး Leaving no one behind မူကို လက်ကိုင်ထားပြီး မသန်စွမ်းသူများ၏အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒေါက်တာစိုးဝင်းတို့က အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ နားမကြားသော ကလေးများကျောင်း (မန္တလေး) မှ မသန်စွမ်းကလေးများက အီနောင်အကဖြင့်လည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) မှ မသန်စွမ်းကလေးများက ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထား သည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သောစာအုပ်များ၊ လက်မှုထုတ်ကုန်ပစ္စည်းများနှင့် အထိမ်းအမှတ်ဓာတ်ပုံပြခန်းများကို ကြည့်ရှုခဲ့ကြောင်းနှင့် သီးခြားအစီအစဉ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့သည့် မသန်စွမ်းကလေးများအား ဆုငွေများ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၂-၂၀၂၃)

 

  • မသန်စွမ်းသူ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့စွမ်းဆောင်ရည်ရှိသလောက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်စေရေးအတွက် အားလုံးအကျုံးဝင်ပညာရေး Inclusive Education ပေါ်ပေါက်လာစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်ရေး၊ ဘဝသက်တမ်းတစ်လျှောက် သင်ယူလေ့လာနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်။
  • မသန်စွမ်းသူများအနေဖြင့် သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတားအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများနှင့်တန်းတူ ကိုယ်ပိုင်ဝင်ငွေနှင့် ခံစားခွင့်များရရှိရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ကိုယ်တိုင်အလုပ်လုပ်လိုစိတ် ဖြစ်ပေါ် လာစေရေးအတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် အရည်အသွေးကို မြှင့်တင်ပေးကြရမည်ဖြစ်။

Add new comment